၁၉၈၅ ခုနှစ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်လာတာပါ။

ရန်အောင်ကတော့ ဆယ်ကျော်သက်အရွယ်မှာ ကျော်သူနဲ့ စိုးသူတို့ကို အားကျပြီး သရုပ်ဆောင်အလုပ်ကို ဝါသနာကြီးခဲ့ရာကနေ အနုပညာလောကထဲကို ဝင်ရောက်လာဖြစ်ခဲ့တဲ့အမှတ်တရတွေကို ဝေမျှပေးခဲ့ပါတယ်။ 

Photo: Yan Aung



အနုပညာလောကထဲကို ၁၉၈၅ ခုနှစ်တုန်းက “ အချစ်ခြင်းတူရင် မောင်မောင်တို့အရှုံးပေးလိုက်မယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ သရုပ်ဆောင်လောကထဲ ဝင်ရောက်လာတဲ့ မင်းသားချောကတော့ ရန်အောင် ဖြစ်ပါတယ်။ သူဟာ အနုပညာရှင်တစ်ယောက်မဖြစ်ခင်က မင်းသားကျော်သူနဲ့ စိုးသူတို့ကို အရမ်းအားကျခဲ့ရတယ်လို့ ပြောပါတယ်။ မင်းသားကျော်သူရဲ့ ရုပ်ရှင်ရိုက်ကွင်းကို ကြည့်ရင်း သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေး ရလာခဲ့တယ်ဆိုတာကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အစ်ကို အနုပညာလောကထဲကို ပထမဆုံးဝင်ခဲ့တဲ့ ခုနှစ်က ၁၉၈၅ ခုနှစ်ပါ။ ပထမဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားက “ အချစ်ခြင်းတူရင် မောင်မောင်တို့အရှုံးပေးလိုက်မယ်” ဆိုတဲ့ ဇာတ်ကားပါ။ အစ်ကို့ရဲ့ မြင်ဆရာတွေ၊ ကြားဆရာတွေဆိုရင် အစ်ကို့ရဲ့ စီနီယာတွေဖြစ်တဲ့ ကိုကျော်သူတို့ ကိုစိုးသူတို့ အရမ်းခေတ်စားတဲ့ ကာလပေါ့။ အဲဒီအချိန်မှာ သူတို့ကို ကြည့်ပြီး အားကျခဲ့ရတယ်၊ လူငယ်စိတ်ဆိုတော့ အားကျရင်းနဲ့ ကိုယ်တိုင်လည်း ဖြစ်ချင်လာတယ်။ ကင်းဝန်မင်းကြီးလမ်းထဲမှာ ဦးပါ နဲ့ ဒေါ်ခင်ရီဆိုတဲ့ ဇနီးမောင်နှံနဲ့ အိမ်က အမေတို့ နဲ့ကလည်း ခင်နေတော့ အမေ့ကို သူတို့အိမ်လိုက်ပို့ရင်းနဲ့ ခြံထဲမှာ ဇာတ်ကားရိုက်နေရတာ မင်းသားက ကိုကျော်သူပေါ့။ ရိုက်ကွင်းကို ငေးနေရင်း ဒါရိုက်တာအောင်မြင့်ဌေးက မင်းသားလုပ်ဖို့ အရင်လာမေးတယ်။ ပြီးတော့ ဒါရိုက်တာ ဦးအောင်မြင့်ဌေးရယ်၊ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ရယ် အိမ်ကိုရောက်လာကြပြီး မောင်ရင် မင်းသားဖြစ်ချင်သလားပေါ့။ ဒါရိုက်တာ ဦးမျိုးမြင့်အောင်က မင်းသားထပ်တင်ချင်လို့ မောင်ရင့်ကို လာခေါ်တာပါ ဆိုတော့ အရမ်းပျော်သွားတာ။ ဒါရိုက်တာ ဦးမျိုးမြင့်အောင် ဆိုတာကလည်း ကိုကျော်သူ့ကို မင်းသားတင်ပေးခဲ့တဲ့ ဒါရိုက်တာကြီးဆိုတော့ အင်မတန် ပျော်ခဲ့တာ မိဘ နှစ်ပါးကလည်း ခွင့်ပြုတော့ လုပ်တာပေါ့။ ပြီးတော့ ပါပါကြီးတို့ အိမ်မှာ အစ်ကို တစ်နှစ်လောက်နေပြီးတော့ ရုပ်ရှင်နဲ့ ပတ်သက်တာတွေ သင်ရတယ်။ လိုအပ်တဲ့ ဖိုက်တင်၊ မြင်းစီး၊ ကျွမ်းဘားတွေ၊ ဇာတ်ညွှန်းသဘောတရားတွေ အကုန်သင်ရတယ် အဲဒီကနေ ဒီလောကထဲကို အခက်အခဲမရှိရောက်လာတာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Yan Aung

ရန်အောင်ကို မင်းသား အသစ်တင်ဖို့ ကမ်းလှမ်းလာခဲ့တဲ့ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ကတော့ ကျော်သူကို အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်အောင် စင်တင်ပေးခဲ့တဲ့ ဒါရိုက်တာကြီးဖြစ်ပါတယ်။ ဒါကြောင့် ဦးမျိုးမြင့်အောင်တင်မယ့် နောက်ထပ် မင်းသားတစ်ယောက်အနေနဲ့ ရန်အောင့်ကို အနုပညာလောကသား တွေက စိတ်ဝင်တစား ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ရန်အောင်ကိုယ်တိုင်ကလည်း ပထမဆုံးရိုက်တဲ့ ဇာတ်ကား တစ်ကားတည်းနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာတယ်လို့ ဆိုပါတယ်။ 

“ ဆရာက အစ်ကို့ကို (၃)ကားရိုက်မယ်။ (၃)ကားရိုက်ပြီးတော့မှ အပြင်ကိုရိုက်ခွင့်ပေးမယ်ပေါ့။ အဲဒီခေတ်တုန်း က အစ်ကို့ရုပ်ကလည်း ကိုကျော်သူ၊ ကိုစိုးသူတို့နဲ့ နည်းနည်းခပ်ဆင်ဆင်၊ ဆံပင်ကလည်း အလယ်ခွဲပဲ။ အဲဒီအချိန်မှာ ကိုယ့်ကို ပရိသတ် မှတ်မိအောင် အဲဒီတုန်းက ဂျာနယ်နဲ့ မဂ္ဂဇင်းတွေလည်း အရမ်းရှားတဲ့အချိန်၊ မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့ဆိုတာ အရမ်းကို ခဲယဉ်းတဲ့အချိန်ပေါ့။ ဂျာနယ်တွေမှာ အမျိုးမျိုးပါအောင် မိတ်ဆက်ပေးတယ်။ ဆံပင်ပုံစံကို ပြောင်းမလို့ပဲ ပါပါကြီးက မပြောင်းခိုင်းဘူး။ ရန်အောင်ဆိုတာကို ပရိသတ်က သေချာ ကျက်မိအောင် နေပါဦးပေါ့။ ပြီးတော့ အစ်ကို့ မျက်ခုံးမွှေးကလည်း ဆက်နေတာဆိုတော့ အမေခင်လေးဆွေက အကြံပေးတယ်။ မရိတ်နဲ့ ဆွဲနှုတ်တဲ့ဆိုတော့ မျက်ရည်တောင် ကျခဲ့ရတဲ့အထိ ဆွဲနှုတ်ခဲ့ရတာပါ။ ပရိသတ်က အစ်ကို့ရဲ့ပထမဆုံး ဇာတ်ကားနဲ့ပဲ တစ်ရှိန်ထိုးအောင်မြင်ခဲ့တယ်၊ ရန်အောင်ဆိုတာလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရန်အောင်နဲ့ ပရိသတ်နဲ့ တသားတည်းဖြစ်ပြီဆိုတော့မှ နှစ်ကိုယ်ခွဲဇာတ်ကားတွေ ရိုက်ပေးခဲ့တာ” လို့ သူက ပြောပါတယ်။ 

Photo: Yan Aung

ဒီလိုနဲ့ အနုပညာအလုပ်တွေ လုပ်လာရင်း ရန်အောင်ဟာ အကယ်ဒမီ(၆)ဆုရှင် သရုပ်ဆောင် တစ်ယောက် ဖြစ်လို့နေပါပြီ။ သူဟာ အကယ်ဒမီဆု ဆိုတာကို ငယ်စဉ်ကတည်းက ရွှေတိဂုံရောက်တိုင်း ဝါရင့်သရုပ်ဆောင်ကြီး ဦးအောင်လွင်က ရွှေတိဂုံဘုရားကို လှူထားတဲ့ အကယ်ဒမီဆုကို သွားသွားကြည့်ရလောက်တဲ့ အထိ လိုချင်ခဲ့မိတယ် ရန်အောင်က ဆိုပါတယ်။ 

“အကယ်ဒမီဆုတွေနဲ့ ပတ်သက်ပြီး ငယ်ငယ်ကတည်းက အမှတ်တရက ကိုယ့်ရဲ့မသိစိတ်ကနေ အနုပညာနဲ့ပတ်သက်တဲ့ အရာတွေ အကုန်လုံးကို လိုချင်ခဲ့မိတာမျိုးဖြစ်ဖူးတယ်။ အဲဒီတုန်းကဆိုရင် ရွှေတိဂုံဘုရားကိုသွားတိုင်း ရွှေတိဂုံဘုရား ပြတိုက်ထဲကို ရောက်အောင်သွားတယ်။ အဲဒီမှာ ဦးအောင်လွင်ကြီးလှူထားတဲ့ အကယ်ဒမီရုပ်ကို သွားငေးတာ ငယ်ငယ်ကတည်းကပဲ။ အကယ်ဒမီဆု ဆိုတာ ကိုလည်း မသိစိတ်ထဲကနေ လိုချင်တာပေါ့နော်။ ပြီးတော့ မြန်မာ့အသံဝန်းထဲကိုလည်း အရမ်းသွားချင်ခဲ့တာ။ ငါရောက်ဖူးချင်လိုက်တာ ဆိုပြီးတော့ အမြဲတွေးတယ်။ အခုတော့ အကယ်ဒမီဆုတွေလည်း အများကြီးရတယ်၊ မြန်မာ့အသံနဲ့လည်း အတူတူ အလုပ်တွေ အများကြီးလုပ်ခွင့်ရနေတယ်။ စိတ်ထဲကအတိုင်း ဖြစ်လာတယ်လို့ ပြောလို့ရတာပေါ့နော်”လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Yan Aung

ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် အကယ်ဒမီဆုများ ရရှိထားသူ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်လောကမှာသာမက ဂီတလောကမှာလည်း အောင်မြင်ခဲ့သူဖြစ်ပြီး တစ်ကိုယ်တော် အခွေများ၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲများလည်း ကျင်းပပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က