တိုက်ဆိုင်သွားတာကြီးက ဘယ်လိုမှ နေလို့မရဘူး။

Jenny ကတော့ သူမ နောက်ဆုံးထွက်ရှိထားတဲ့ “ Rock Star” သီချင်းလေးဟာ မီးမီးခဲကိုယ်တိုင်ရေးပေးခဲ့တာ ဖြစ်သလို မီးမီးခဲကိုယ်တိုင် ကြိုက်ခဲ့တဲ့ သီချင်းလေးဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: Jenny



Jenny ကတော့ သူ့ရဲ့သီချင်းတွေအများကြီးထဲကမှ “ Rock Star” သီချင်းလေးကတော့ မမေ့နိုင်စရာ အမှတ်တရ တစ်ခုဖြစ်ခဲ့ပါပြီ။ ဒီသီချင်းလေးကို အဆိုတော် မီးမီးခဲက သူမကို လက်ဆောင်ပေးခဲ့တဲ့ သီချင်းဖြစ်သလို ဒီသီချင်းလေး ထွက်တဲ့ နေ့မှာပဲ မီးမီးခဲက အားလုံးကို နှုတ်ဆက်သွားခဲ့တာလို့ Duwun ကို ပြောပါတယ်။ 

“မမီးခဲကို သီချင်းနဲ့ ပတ်သက်ပြီးတော့ အများဆုံး တိုင်ပင်တယ်။ အခုထွက်ထားတဲ့ “Rock Star” သီချင်းလေးဆိုရင် အစ်မရေ သမီးရဲ့ သီချင်းလေး နားထောင်ကြည့်ပေးဦးဆိုပြီးတော့ ပို့ပေးလိုက်တဲ့အချိန်မှာ Jenny အရမ်းကောင်းတယ်၊ အစ်မ ကြိုက်တယ်၊ သီချင်းကို မြန်မြန်ထွက်တော့ ဆိုပြီးတော့ အစ်မက တိုက်တွန်းခဲတယ်။ ဘာပဲဖြစ်ဖြစ် အစ်မပေးခဲ့တဲ့ လက်ဆောင် ဒီသီချင်းလေးကို အကောင်အထည်ဖော် ဖြစ်သွားပါတယ်။ ကြိုတင်ရည်ရွယ်ထားတာမျိုးမဟုတ်ပေမယ့် ၁၆ ရက်နေ့မှာ “Rock Star” သီချင်းလေး ထွက်ဖို့လုပ်လိုက်တယ်။ ဒါပေမယ့် တိုက်ဆိုင်စွာနဲ့ပဲ သူ အခုလို ထွက်ခွာသွားတယ်။ စိတ်ထဲမှာ ဘယ်လိုမှ နေလို့မရဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Mee Mee Khel

Jenny ဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်ကတည်းက ဂီတလောကထဲကို အဆိုတော် တစ်ယောက်အနေနဲ့ ခြေလှမ်းတွေ စခဲ့တာဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း မီးမီးခဲရဲ့ ပရိသတ်ဖြစ်တာကြောင့် ဖျော်ဖြေပွဲတွေမှာ ဆုံဖြစ်ရင် အရင်ဆုံး သွားပြီးမိတ်ဆက်စကားပြောရင်း တစ်ယောက်နဲ့ တစ်ယောက် ခင်မင်လာခဲ့ကြတာလို့ ဆိုပါတယ်။ 

“ Jenny သီချင်းစဆိုတဲ့ အချိန်မှာ မမီးမီးခဲနဲ့ တစ်ခေါက်၊ နှစ်ခေါက် ဆုံခဲ့တယ်၊ အဲဒီအချိန်တုန်းက ကိုယ်က သူ့ကို အရမ်းကြိုက်ခဲ့ရတဲ့ ပရိသတ်ဆိုတော့ သူ့ကို စပြီး သွားမိတ်ဆက်တယ်။ ဒီလိုနဲ့၂၀၁၂ လောက်ရောက်တဲ့ အချိန်မှာတော့ မမီးခဲ နဲ့ တော်တော်လေး ခင်ဖြစ်တယ်။ အစ်မနဲ့ နောက်ဆုံး တွေ့တာက မဆုန်သင်းရဲ့ မွေးနေ့မှာ တွေ့ခဲ့ကြတာပါ။ ဓာတ်ပုံတွေ အတူတူရိုက်ကြပြီး နောက်တစ်နေ့ ပြန်ဆုံကြမယ် ဆိုပြီးတော့ မဆုံဖြစ်ခဲ့ဘူး။ မမီးမီးခဲနဲ့လည်း သီချင်းတစ်ပုဒ်လောက်အတူတူ တွဲဆိုကြမယ် ဆိုပြီးတော့ အဲဒီကတည်းက စီစဉ်ခဲ့တာ။ အခုချိန်ထိ မဆိုဖြစ်ခဲ့ကြဘူး။ ဒါပေမယ့်လည်း အစ်မနဲ့ စကားတွေလည်း အများကြီး ထပ်ပြောချင်သေးတယ်။ သူ့ကို ရှိစေချင်သေးတာ ပြီးတော့ ရည်ရွယ်ထားသလိုပဲ အစ်မနဲ့ သီချင်း အတူတူဆိုချင်သေးတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Jenny

မီးမီးခဲကတော့ အောက်တိုဘာလ(၁၆) ရက်နေ့က သြစတြေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ အချိန်မှာ အသက်(၃၇) နှစ်ရှိလို့နေပါပြီ။ သူမ ကွယ်လွန်ခဲ့တဲ့ သတင်းဟာ ဂီတလောကအတွက် ကြယ်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရသလိုမျိုး ဂီတအနုပညာရှင်တွေနဲ့ ပရိသတ်တွေက အင်မတန် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က