အခုလို ထွက်သွားတော့ စိတ်မကောင်းဖြစ်ရတယ်။

ဒေါင်းဝေကတော့ သူ့ရဲ့ တေးစီးရီးအတွက် လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ဖုန်းကနေတဆင့် တိုင်ပင်ခဲ့တဲ့ အဆိုတော် သရုပ်ဆောင် ရန်ပိုင်စိုး ကွယ်လွန်ခဲ့တဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေရတယ်လို့ ဆိုပါတယ်။ 

Photo: Daung Wai



အဆိုတော် သရုပ်ဆောင် ရန်ပိုင်စိုးကတော့ ကိုဗစ်ရောဂါနဲ့ အောက်တိုဘာလ (၂၁) ရက်နေ့တုန်းက ကွယ်လွန်သွားခဲ့ပါပြီ။ ဒီ ကွယ်လွန်သွားတဲ့ သတင်းကြောင့် အနုပညာလောကသားတွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဒီအထဲမှာမှ သရုပ်ဆောင် ဒေါင်းဝေရဲ့ ခံစားချက်ကို Duwun ကို ပြောပြလာပါတယ်။ 

“ ဦးရန်က ကျွန်တော်တို့ရဲ့ အစ်ကိုကြီး တစ်ယောက်ဆိုလည်း မမှားဘူး၊ ဆရာသမားလို့လည်း ပြောလို့ရပါတယ်။ Covid ဒုတိယလှိုင်းမဖြစ်ခင်တုန်းက ကျွန်တော်နဲ့ ဦးရန်နဲ့ အတူတူ ဗိုလ်ချုပ်ရုပ်ရှင်မှာ တွဲသရုပ်ဆောင်ခဲ့ပါသေးတယ်။ ဦးရန်က အင်မတန်မှ စိတ်ကောင်းရှိတဲ့လူတစ်ယောက်ပါ။ လူချစ်လူခင်လည်း အရမ်းများပြီးတော့ စကားပြောတာကအစ အရမ်း သိမ်မွေ့တဲ့လူတစ်ယောက်ပါ” လို့ သူကဆိုပါတယ်။ 

Photo: Daung Wai

ဒေါင်းဝေဟာ မကြာခင်ထွက်ရှိတော့မယ့် သူ့ရဲ့ သီချင်းအခွေဖြစ်တဲ့ “ ထာဝရ မြန်မာပြည်” တေးစီးရီးမှာ အဆိုတော်၊ သရုပ်ဆောင် ရန်ပိုင်စိုးရဲ့ အကြံပြုချက်တွေ ပါတယ်လို့ဆိုပါတယ်။ 

“ အနုပညာနဲ့ ပတ်သက်ပြီး ဝမ်းစာပြည့်တဲ့သူ၊ ပြီးတော့ ကျွန်တော်ထွက်မယ့် သီချင်းအခွေလေးနဲ့ ပတ်သက်ပြီး သူနဲ့ တိုင်ပင်ဖြစ်ခဲ့ပါသေးတယ်။ ဒီရက်ပိုင်းထဲမှာတောင်မှ ကျွန်တော့် အခွေအတွက် ဘယ်လိုသီချင်းတွေ ရွေးရင်ကောင်းမလဲ အစ်ကို့ကို လှမ်းမေးနေသေးတယ်။ တကယ်ဆိုရင် အခုလို ဝါကျွတ်ကာလပြီးရင် သူက မင်္ဂလာအခမ်းအနားမှူး ၊ ကျွန်တော်တို့က မင်္ဂလာပွဲမှာ သီချင်းဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အမြဲဆုံခဲ့ရတာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Daung Wai

အဆိုတော်ရန်ပိုင်စိုးဟာ အောက်တိုဘာလ (၂၁) ရက်နေ့ နေ့လယ်(၁၁)နာရီမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၇၀) နှစ် ရှိနေပြီ ဖြစ်ပြီး ကိုဗစ် -၁၉ ရောဂါကြောင့် ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ ရန်ပိုင်စိုးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ၊ အနုပညာလောကသားတွေကလည်း စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတွေကို သူတို့ရဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က