ဇာတ်ဆောင်ဆုရခဲ့သူတွေနဲ့ ဒါရိုက်တာဆုရခဲ့သူများ ဖြစ်ပါတယ်။

 မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (ခေါ် ) အကယ်ဒမီဆုကို စတင်ရရှိခဲ့သူတွေဟာ မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့သူဖြစ်ပြီး အခုချိန်မှာ သူတို့မရှိတော့ပေမဲ့ သူတို့နာမည်က ရုပ်ရှင်သမိုင်းမှာ၊ ရုပ်ရှင်ချစ်သူတွေရဲ့ ရင်ထဲမှာ ထင်ကျန်နေဆဲသူတွေ ဖြစ်ပါတယ်။


မြန်မာ့ရုပ်ရှင်ဟာ ၁၉၂၀ခုနှစ်က စတင်ပေါ်ပေါ်လာခဲ့တာ ဖြစ်ပြီး နှစ်(၃၀)ကျော်အကြာ ၁၉၅၂ခုနှစ်မှာ  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို စတင်ပေးအပ်ခဲ့တာပါ။ ထိုအချိန်က အကယ်ဒမီဟု ခေါ်ဝေါ်ခြင်းမရှိသေးဘဲ အမျိုးသားသရုပ်ဆောင်အတွက် အမျိုးသားပညာသည်ဆု၊ အမျိုးသမီးသရုပ်ဆောင်အတွက် အမျိုးသမီး ပညာသည်ဆု ဆိုပြီး ပေးအပ်ခဲ့တာပါ။  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (ခေါ် ) အကယ်ဒမီဆုကို စတင်ရရှိခဲ့သူတွေဟာ မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့သူဖြစ်ပြီး အခုချိန်မှာ သူတို့မရှိတော့ပေမဲ့ သူတို့နာမည်က ရုပ်ရှင်သမိုင်းမှာ၊ ရုပ်ရှင်ချစ်သူတွေရဲ့ ရင်ထဲမှာ ထင်ကျန်နေဆဲသူတွေ ဖြစ်ပါတယ်။

၁။ ပထမဆုံး အမျိုးသား သရုပ်ဆောင်ဆုရ ဦးကျော်ဝင်း

၁၉၅၂ခုနှစ်က ပေးအပ်ခဲ့တဲ့ အကောင်းဆုံး အမျိုးသား ပညာသည်ဆုကို ရရှိခဲ့သူကတော့ သရုပ်ဆောင် ဦးကျော်ဝင်းဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်၊ ဗြိတိသျှဘားမားရုပ်ရှင်က ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးခဲ့တဲ့ “မာလာရီ” ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသားပညာသည်ဆု(ခ) ပထမဆုံး အမျိုးသားသရုပ်ဆောင် ဆုကို ချီးမြှင့်ခံခဲ့ရတာပါ။ မင်းသမီးတင်တင်မူနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ “မာလာရီ” ရုပ်ရှင်ကားဟာ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲရေးဆိုတဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးနောက်ခံကားတစ်ကားဖြစ်ပါတယ်။

ဦးကျော်ဝင်းက ရုပ်ရှင်အနုပညာအရည်အချင်း ပြည့်ဝပြီး ဒါရိုက်တာကြီးတွေရဲ့ ညွှန်ကြားမှုကို အလွယ်တကူ နားလည်သဘောပေါက်ကာ ကာရိုက်တာကို ပီပြင်အောင်ရုပ်ဆောင်နိုင်စွမ်းရှိသလို အချို့သော ဇာတ်ဝင်ခန်းများမှာ လိုချင်တဲ့ ပုံစံပြောရုံနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အံဝင်ခွင်ကျ ဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးလို့ မှတ်တမ်းများအရ သိရပါတယ်။

ဦးကျေ်ဝင်းက မင်းသမီး ဒေါ်တင်တင်မူနဲ့ ဖူးစာဆုံခဲ့ပြီး နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ ဒေစီကျော်ဝင်းနဲ့ မေမီကျော်ဝင်းဆိုတဲ့ သမီးလေးနှစ်ယောက်ကို ထွန်းကားခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း(၅၀)ကို ရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မင်းသားကြီး ဦးကျော်ဝင်းဟာ အသက် ၇၅ နှစ်အရွယ် (၁၉၉၃ ခုနှစ်) မှာ ကွယ်လွန်သွားခဲ့ပါတယ်

၂။ ပထမဆုံး အမျိုးသမီး သရုပ်ဆောင်ဆုရ ဒေါ်ကြည်ကြည်ဌေး

သရုပ်ဆောင် ကြည်ကြည်ဌေးဟာ အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာ ဦးတင်မောင်ရိုက်ကူးတဲ့ “ချစ်သက်ဝေ” ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့တဲ့ ပထမဆုံး ရုပ်ရှင်မင်းသမီးပဲဖြစ်ပါတယ်။

သူမဟာ အသက်(၅)နှစ်အရွယ်ကတည်းက ဇာတ်သဘင်လောကမှာ ကျင်လည်ခဲ့ပြီး ရုပ်ရှင်လောကထဲကို “ချစ်သက်ဝေ” ရုပ်ရှင်ကားနဲ့ ၁၉၅၂ခုနှစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီဇာတ်ကားနဲ့ ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၅၆ခုနှစ်မှာ “ချစ်ခွင့်မပိုင်” ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆု ၊၁၉၇၀မှာ “နုနုငယ်ငယ်” ၊ ၁၉၇၈ ခုနှစ်မှ “လူဇော်”ဇာတ်ကားတို့နဲ့ ဇာတ်ပို့ဆုတို့ကို ရရှိခဲ့ပါတယ်။

အနုပညာမှာ ထူးချွန်လွန်းလှပြီး ရုပ်ရှင်ကားတိုင်းမှာ ပီပြင်လွန်းစွာ သရုပ်ဆောင်နိုင်တဲ့ ဒေါ်ကြည်ကြည်ဌေးဟာ နိုင်ငံတော်က ချီးမြှင့်တဲ့ "ဝဏ္ဏကျော်ထင်ဘွဲ့"ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ မြန်မာ့ ရုပ်ရှင်လောကရဲ့ စံထားလောက်တဲ့အကယ်ဒမီ လေးထပ်ကွမ်း ဝဏ္ဏကျော်ထင်ဘွဲ့ရခဲ့တဲ့ မင်းသမီး ကြည်ကြည် ဌေးဟာ ၂၀၀၀ခုနှစ်၊မတ်လ(၄)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၇၆)နှစ် ရှီပြီလို့ သိရပါတယ်။


၃။ ပထမဆုံး ဒါရိုက်တာ ဆုရ ဒါရိုက်တာကြီး ဦးသုခ

၁၉၅၂ခုနှစ်နဲ့ ၁၉၅၃ခုနှစ်မှာ ဇာတ်ကားဆု၊ အမျိုးသား ပညာသည်ဆုနဲ့ အမျိုးသမီး ပညာသည်ဆုတို့ကို ချီးမြှင့်ခဲ့တာဖြစ်ပြီး ၁၉၅၄ခုနှစ်မှာ စတင်ချီးမြှင့်တဲ့ ပထမဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ဦးသုခက “ ဩော်မိန်းမ” ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာပါ။

ဒါရိုက်တာ ဦးသုခဟာ “စိန်သိန်းတန်” ကလောင်နာမည်နဲ့ စာများ ရေးသားခဲ့သလို လုံးချင်းဝတ္ထုများလည်း ရေးသားခဲ့သူတစ်ဦးပါ။၁၉၃၈ ခုနှစ်မှာ “ချစ်အမျှ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသားရာကစ ရုပ်ရှင်လောကထဲသို့ ရောက်ရှိလာခဲ့ပြီး

၁၉၄၈မှာ “ချစ်အနုမြူ “ ရုပ်ရှင်ဇာတ်ကားကို ပထမဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပြီးနောက် ၁၉၅၄ ခုနှစ်မှာတော့ “သြော်မိန်းမ”ရုပ်ရှင်ကားနဲ့ ဒါရိုက်တာ ဆုကို ရခဲ့ပါတယ်။

 အဲဒီနောက် “ဘဝသံသရာ”ဇာတ်ကားနဲ့ ဒုတိယအကြိမ် ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆု (၆)ဆုအထိ ရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို နိုင်ငံတော်က ချီးမြှင့်တဲ့”

အလင်္ကာကျော်စွာ “ဘွဲ့ ၊ မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်များကို ရရှိခဲ့ပါတယ်။ ဒါရိုက်တာ ကြီး ဦးသုခဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး လုံးချင်းဝတ္ထုများ၊ဝတ္ထုတိုများစွာကို ရေးသားခဲ့တဲ့ နာမည်ကျော်အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါရိုက်တာ ကြီး ဦးသုခဟာ ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့နံနက်ခင်းမှာ အမှတ်(၂) စစ်ဆေးရုံတွင် ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၉၅)နှစ် ရှိပြီဖြစ်ပါတယ်။

(ကိုးကား - မြန်မာ့ရုပ်ရှင်သမိုင်းစဥ် စာအုပ်များ)


 

 

 

 

 

Share

Loading Next Article...
က္က