ဦးကျော်ဟိန်းနဲ့ ရိုက်ခဲ့တဲ့ ဇာတ်ကားကနေစပြီး ပရိသတ် သိခဲ့တာပါ။

အောင်ခိုင်ကတော့ ၁၉၇၉ ခုနှစ်ကနေ စပြီး အနုပညာလောကထဲမှာ ဖြတ်သန်းလာခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။ 

Photo: Aung Khaing



မြန်မာ့ရုပ်ရှင်လောကထဲကို ၁၉၇၉ ခုနှစ်ကတည်းက လူကြမ်းသရုပ်ဆောင် အနေနဲ့ ဝင်ရောက်လာတဲ့ သရုပ်ဆောင်က အောင်ခိုင် ဖြစ်ပါတယ်။ သူဖြတ်သန်းလာခဲ့ရတဲ့ အနုပညာလမ်းကြောင်းပေါ်က အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ 

“ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ အမှုဆောင် စည်းရုံးရေးမှူး တာဝန်ကိုထမ်းဆောင်နေပါတယ်။ ၁၉၇၉ ခုနှစ်မှာ ဒါရိုက်တာ အောင်မြင့်မြတ်ရိုက်ကူးတဲ့ ‘နှုတ်မဆက်နဲ့ အချစ်ရယ်’ ဆိုတဲ့ ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို စတင်ရောက်ရှိလာခဲ့တာပါ။ အဲဒီကနေမှ အနုပညာလောကထဲမှာ ကြိုးစားခဲ့ရင်း ၂၀၀၀ ခုနှစ်မှာ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ဒါရိုက်တာသီဟတင်စိုးရိုက်ကူးတဲ့ ‘ ငရဲသား’ ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်” ဆိုပြီးတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုစကားပြောရင်း မျှဝေခဲ့တာပါ။ 

Photo: Aung Khaing

အောင်ခိုင်ဟာ အနုပညာလောကမှာ လူကြမ်းသရုပ်ဆောင် အနေနဲ့ ဖြတ်သန်းလာခဲ့ရပေမယ့် သူ့ရဲ့ တကယ် လက်ဦးဆရာကတော့ သရုပ်ဆောင် အကယ်ဒမီ ကျော်ဟိန်း ဖြစ်တယ်လို့ ပြောပါတယ်။ ဆရာဖြစ်သူနဲ့ ရိုက်ကူးခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲကမှ သူ့ရဲ့ ဘဝမှာ မမေ့နိုင်စရာ အမှတ်တရဖြစ်ခဲ့တဲ့ ဇာတ်ကားလေးကို ပြောခဲ့ပါသေးတယ်။  

“ ကျွန်တော့် ဘဝအတွက် ရုပ်ရှင် ရာပြည့်ပွဲ အကြိုလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားခွင့်ရခဲ့တာ အရမ်းဝမ်းသာပီတိဖြစ်စရာပါပဲ။ ဒီ ရုပ်ရှင် နှစ်(၁၀၀) ပြည့်နဲ့ အတူ ကျွန်တော့် ဘဝမှာ မမေ့နိုင်တဲ့ အမှတ်တရ ကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဦးကျော်ဟိန်းနဲ့တွဲရိုက်ခဲ့ဖူးတဲ့ " မျှော်လေတိုင်း မှိုင်းရီ" ဆိုတဲ့ ဇာတ်ကားပေါ့ ဒီဇာတ်ကားကနေ အောင်ခိုင် ဆိုပြီးတော့ လူနဲ့ နာမည် တွဲပြီးတော့ ပရိသတ်တွေကို မှတ်မိစေခဲ့တဲ့ ဇာတ်ကားဖြစ်လို့ လုံးဝ မေ့လို့ မရပါဘူး။ ပြီးတော့ ဦးကျော်ဟိန်းက ကျွန်တော့်ရဲ့ လက်ဦး ဆရာတစ်ယောက်ပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Aung Khaing

ဦးအောင်ခိုင်(Aung Khine)ဟာ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း အမှုဆောင် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ ၁၉၇၉ ခုနှစ်ကနေ အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့တဲ့ သူ့အနေနဲ့ အခုဆိုရင် အနုပညာသက်တမ်း (၄၁) နှစ်ရှိပါပြီ။ သူဟာ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က