အခုချိန်မှာ တစ်ခုခု ဖြစ်သွားရင်ဆိုတဲ့ စိတ်နဲ့ ကြိုတင်ပြင်ဆင်ထားတယ်။

ကျော်သူကတော့ သူဦးဆောင်နေတဲ့ နာရေးကူညီမှုအသင်းကြီးနဲ့ ပရဟိတ လုပ်ငန်းတွေကို လက်လွှဲယူနိုင်မယ့် သူကို ရှာတွေ့ထားပြီလို့ ဆိုပါတယ်။ 

Photo: Kyaw Thu



ကျော်သူဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့အတွက် သူလုပ်ကိုင်နေတဲ့ နာရေးကူညီမှုအသင်းကြီးနဲ့ ဘုရားတည် တဲ့ အလုပ်ကို ဆက်လက် လုပ်ကိုင်နိုင်မယ့်လူကို ရှာထားတယ်လို့ ဆိုပါတယ်။ သူ ဆုံးပါးသွားခဲ့ရင် ဒီအရာတွေကို အစွဲအလမ်း မဖြစ်အောင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားတယ်လို့ Duwun ကို ပြောပါတယ်။ 

“ အခုချိန်မှာ ကျွန်တော်တို့က လိုချင်တက်မက်မှုကို အတတ်နိုင်ဆုံး လျှော့ထားရတယ်။ ကျွန်တော် အခု ဘုရားတည်နေတဲ့ အလုပ်လေးတွေ လုပ်လက်စ ရှိတယ်။ ကိုယ့်အနုပညာလုပ်ငန်းတွေလည်း လုပ်လက်စ ရှိတယ်။ ဒီအချိန်မှာ ကိုယ်က ဆုံးသွားရင်လည်း ကိုယ်က ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူးလေ။ နောက်ထပ် ကျန်တဲ့သူက ဆက်လုပ်သွားလိမ့်မယ်။ ပရဟိတအလုပ်ဆိုရင်လည်း ငါသေသွားရင် ဘယ်သူ ဦးဆောင်မလဲ၊ ငါမရှိလို့ ဒီအသင်းပျက်သွားတယ် ဆိုတာ မရှိရဘူး။ ပြီးတော့ ငါမရှိရင် ဒီဘုရားတည်တဲ့အလုပ်ကလည်း ဆက်မလုပ်နိုင်ဘူးဆိုတာ မဖြစ်ရဘူး။ ဒါတွေအတွက် ကိုယ်က ကြိုတွက်ထားတော့ နောက်ဖြစ်လာမယ့် လူတွေကို မေးထားရတယ်။ အခု ကျွန်တော် တစ်ခုခု ဖြစ်သွားရင် နောက်မှာ ဦးဆောင်မယ့်သူက အသင့်ပဲ” လို့ သူက ဆိုပါတယ်။ 

Photo: Kyaw Thu

ကျော်သူဟာ နာရေးကူညီမှု အသင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ(၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒီအသင်းကနေတဆင့် ဈာပနလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်ခဲ့တာပါ။ 

ကျော်သူအနေနဲ့ (၇) နှစ်တာ ထူထောင်လာတဲ့ နာရေးကူညီမှု အသင်းကို သူမရှိတော့တဲ့အချိန်မှာ ဆက်ဆံသွားမယ့်လူကို ရှာတွေ့ပြီလို့လည်း ပြောခဲ့ပါသေးတယ်။ 

“ပရဟိတလုပ်ငန်းဆိုတာ တွေ့တဲ့လူကို ဦးဆောင်ခိုင်းလို့ မရဘူး။ လူတကာနဲ့ သိရမယ်၊ လူတကာနဲ့ ရင်းနှီး ထိတွေ့ဖူးသူ ဖြစ်ရမယ်။ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း ကြည့်ပြီး ကိုယ်က ကြိုတွက်ထားရမယ်။ ပရဟိတလုပ်တယ် ဆိုတာက လူသိတဲ့လူက လုပ်တာ ပိုပြီးတော့ ထိရောက်မှုရှိတယ်၊ အများအတွက် ကောင်းတယ်ပေါ့။ အခုချိန်မှာ ဗြုန်းကနဲ တစ်ခုခု ဖြစ်သွားရင် ဘာမှ ပူစရာမရှိဘူး။ ငါ့ ဘုရားကြီး မပြီးသေးဘူး၊ ငါ့ အသင်းအတွက် ဆိုတာကြီးကို စွဲသွားရင် မကျွတ်မလွတ်ဖြစ်သွားနိုင်တယ်။ ဒီလို အဖြစ်မခံနိုင်ဘူး ဒါကြောင့် အခုချိန်မှာ စွဲလမ်းစိတ်ကို အတတ်နိုင်ဆုံး လျှော့ထားတယ်၊ သားသမီးတွေ ဆိုလည်း သူ့ အလုပ်၊ သူ့မိသားစု နဲ့ အဆင်ပြေနေပြီ။ ဇနီးဆိုလည်း သူ့ဘာသာသူ အဆင်ပြေပြေရှိတယ်။ နာရေးကူညီမှု အသင်းကို လက်လွှဲနိုင်မယ့် သူက ရှိတော့ ရှိနေပါပြီ မပြောပြချင်သေးဘူး။ ကျွန်တော် မရှိတော့တဲ့ အချိန်ကျမှ ဘွားကနဲ ပေါ်လာမှာပေါ့” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

 

Photo: Kyaw Thu

ဦးကျော်သူဟာ Covid ကာလမှာ ဈာပနလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်လုပ်ကိုင်နေရင်း Covid ရောဂါပိုး ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ဖောင်ကြီး Quarantine Center မှာ ဆေးကုသမှုခံယူနေရတာပါ။ ဦးကျော်သူ အနေနဲ့ နှလုံး ခွဲစိတ်ထားသူဖြစ်ပြီး ဆီးချိုရောဂါ ရှိတဲ့အတွက် သူ့ကို ချစ်တဲ့ နာရေးကူညီမှု အသင်းသားတွေ၊ ပရိသတ်တွေကလည်း စိုးရိမ်နေတယ်လို့ သိရပါတယ်။ ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က