အောက်ခြေအလုပ်သမားဘဝကနေ စခဲ့ရတဲ့ သူ့ရဲ့ ဘဝအကြောင်းကို ပြောပြထားပါတယ်။

မိုးဒီကတော့ အနုပညာအလုပ်ကို ဝါသနာပါလွန်းသူ ဖြစ်တာကြောင့် အောက်ခြေအလုပ်သမားဘဝကနေ အကယ်ဒမီဆုရ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အကြောင်းကို ပြောပြလာပါတယ်။ 

Photo: Moe D



မိုးဒီ ဟာ ၁၉၆၂ ခုနှစ်တုန်းက ဇာတ်သမား တစ်ယောက်အနေနဲ့ အနုပညာလောကရဲ့ အောက်ခြေအလုပ်သမား ဘဝမှာ ကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီကနေ တဆင့် လူရွှင်တော် တစ်ဦးဖြစ်လာတဲ့ အကြောင်း ပြောပြလာပါတယ်။ 

“ ကျွန်တော်က ငယ်စဉ်ကတည်းက ဒီ ဟာသပညာကို ချစ်မြတ်နိုးပြီးတော့ ရူးသွပ်ခဲ့တယ်။ ဒါကြောင့် ၁၉၆၂ ခုနှစ်တုန်းက (၁၄) နှစ်သားအရွယ်မှာ ဇာတ်သဘင်သမား ဘဝကနေ စဖြတ်သန်းခဲ့တယ်။ အောက်ခြေအလုပ်သမားဘဝမှာ အလုပ်လုပ်ရင်း လျှပ်စစ်ပညာကို လေ့လာခဲ့ပြီးတော့ မီးဆရာ ဖြစ်ခဲ့ပါတယ်။ အဲဒီကနေ တဆင့် လူလိုလို့ ဝင်ကရင်းနဲ့ ပြဇာတ်မင်းသားလည်း ဖြစ်ခဲ့ရတယ်၊ လူရွှင်တော်လည်း ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ကျွန်တော်က လူရွှင်တော်ကြီးဖြစ်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Moe D

အဲဒီနောက် မိုးဒီဟာ လူရွှင်တော် တစ်ယောက်အဖြစ် လူရွှင်တော် မော့စ်နဲ့ အငြိမ့်တွေ ကရာမှာ အပေးအယူ မျှခဲ့သလို ပရိသတ်အားပေးမှုတွေလည်း ရရှိလာတာကြောင့် ဇာတ်ပို့ သရုပ်ဆောင်လုပ်ဖို့ အတွက် သရုပ်ဆောင် လောက က ကမ်းလှမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ 

မိုးဒီက ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ခဲ့ရသလို ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးခဲ့ရသူတစ်ယောက်ပါ။ သူပထမဆုံး ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “ ကိုးဆယ်ဆ သာလိမ့်မယ်” ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီကားကနေ တဆင့် မိုးဒီဟာ ပထမဆုံး အကယ်ဒမီ ဇာတ်ပို့ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ 

“ဇာတ်သဘင်လောကမှာ ကိုမော့စ် နဲ့ လက်တွဲပြီးတော့ အငြိမ့်တွေ ကခဲ့ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ သဘောကျကြတဲ့အတွက် ဗီဒီယို လောက က ကမ်းလှမ်းလာခဲ့ကြတယ်။ ၁၉၈၄ ခုနှစ်မှာ “ မျက်စိမှိတ်၍ ခေါင်းညိမ့်ပြသည်” ဆိုတဲ့ ဇာတ်ကားမှာ စပြီးတော့ ဇာတ်ပို့ ဇာတ်ရံအဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင် ခဲ့ရတယ်။ ပြီးတော့ မြန်မာတစ်နိုင်ငံလုံး အငြိမ့်ပြိုင်ပွဲမှာ ပထမဆုံးဆုနဲ့ ပထမဆုံး အငြိမ့်ဆိုတဲ့ ရွှေတံဆိပ်ဆု (၂) ဆု ကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ကြိုးစားလာရင်း ၂၀၀၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “ ကိုးဆယ်ဆသာလိမ့်မယ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ကျွန်တော် ဇာတ်ပို့ဆု ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဝါသနာအရရော၊ ဝမ်းရေးအတွက်ပါ လုပ်နေရတဲ့ ဒီအလုပ်လေးကို ဆက်လက် လုပ်ကိုင်ရင်း အခုချိန်မှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်တဲ့ ကာလနဲ့ ကြုံရပါတယ်" ဆိုပြီးတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့် အမှတ်တရ ဂုဏ်ပြုစကားပြောရင်း ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Moe D

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က