နိုဝင်ဘာမှာ လုပ်ဖို့ ရည်ရွယ်ထားခဲ့တာပါ။

ဘုန်းလျှံကတော့ သူချစ်ရတဲ့ ကောင်မလေးနဲ့အတူ နိုဝင်ဘာလထဲမှာ မင်္ဂလာပွဲကျင်းပဖို့ ရည်ရွယ်ထားပေမယ့် ကိုဗစ်ကြောင့် ရက်ရွှေ့လိုက်ရတယ်လို့ ဆိုပါတယ်။ 

Photo: Bhone Hlyan



သရုပ်ဆောင် ဘုန်းလျှံကတော့ သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုတာကို မီဒီယာတွေကို ပြောထားပြီးသားဖြစ်ပါတယ်။ မင်္ဂလာပွဲကို နိုဝင်ဘာလ(၇) ရက်မှာ လုပ်ဖို့ ရည်ရွယ်ထားပေမယ့် ကိုဗစ် အခြေအနေကြောင့်ရက်ရွှေ့လိုက်ရပြီလို့ Duwun ကို ပြောပါတယ်။ 

“ အစကတော့ နိုဝင်ဘာလ(၇) ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေးမယ်ဆိုပြီးတော့ အစ်ကိုက လုပ်ထားတာ ။ ဒါပေမယ့် ကိုဗစ် က ဒီလ (၃၀) ရက်ပြီးရင်ပဲ ပြန်ဖွင့်မလား၊ ဘယ်လို လုပ်ရမယ် မသိသေးဘူး။ တကယ်လို့ ဖွင့်ခဲ့ရင်လည်း တစ်ပတ်တည်းနဲ့ စီစဉ်လို့ ရမရမသိတဲ့အတွက် မင်္ဂလာဦး ဆွမ်းကျွေးတဲ့ ရက်လေးကို အစ်ကို ရက်ရွှေ့ထားတယ်။ ဒါပေမယ့် အစ်ကို့ အမျိုးသမီးရဲ့ မွေးနေ့က (၁) လပိုင်းထဲမှာရှိတယ်၊ ဇန်နဝါရီလထဲမှာပဲ လုပ်ကြမလားပေါ့။ သေချာတာကတော့ အစ်ကို့ရဲ့ မွေးနေ့ နိုဝင်ဘာလ(၆) ရက်နေ့မှာတော့ တကယ် မင်္ဂလာလက်မှတ်ထိုးမှာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Bhone Hlyan

ဘုန်းလျှံကတော့ လက်ရှိမှာ ချစ်သူကောင်မလေးနဲ့ အတူ ငါးပါးတူ ဆိုတဲ့ အစားအစာ ရောင်းချနေတာပါ။ ကိုယ်ပိုင်စီးပွားရေး အလုပ်ကို နှစ်ယောက်အတူ တက်ညီလက်ညီ လုပ်ကိုင်နေကြတဲ့ အခါမှာ ပရိသတ်တွေကလည်း အရင်ကထက် ပိုပြီး ချစ်ခင်အားပေးလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဘုန်းလျှံက လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးအကြောင်း ပြောခဲ့ပါသေးတယ်။ 

“ သူကကျတော့ အလုပ်နဲ့ ပတ်သက်လာရင် အရမ်းကြိုးစားလွန်းတယ်။ အိမ်မှာ ထိုင်နေရတာကို ကြိုက်တဲ့သူ မဟုတ်ဘူး။ သူနဲ့ အစ်ကိုက ဘာမှလည်း သိပ်ပြီး ငြင်းခုန်နေစရာမလိုဘူး။ ငယ်ငယ်ကတည်းက ရည်းစားတွေ ဆိုတော့ အခုဆို သူငယ်ချင်းလိုလည်း ဖြစ်နေတယ်၊ မောင်နှမ လိုလည်း ဖြစ်နေတယ်။ တစ်ခါတလေကျရင်လည်း ရန်က ထဖြစ်ကြသေးတာ။ နှစ်ယောက် စလုံးကလည်း စနေ ဖြစ်နေတော့ ဗိုလ်တွေပဲလေ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီး လေးစားမှု ရှိဖို့က အဓိက ပါ။ အခုချိန်မှာ အစ်ကိုတို့ နှစ်ယောက်က ကြိုးစားနေရတဲ့ အချိန်ပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Bhone Hlyan

ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က