သူတို့ နှစ်ဦးသားရဲ့ ဆက်ဆံရေးကို ပြောပြလာပါတယ်။

ငွေဇင်လှိုင်းကတော့ သူ့ရဲ့ Single Song အသစ်လေးမှာ ပါဝင်သရုပ်ဆောင်ပေးတဲ့ ကျော်ထက်အောင် နဲ့ ရင်းနှီးမှုတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Ngwe Zin Hlaing



ငွေဇင်လှိုင်းကတော့ Myanmar idol(Season-3) သီချင်းဆိုပြိုင်ပွဲမှာတုန်းက ပြိုင်ပွဲဝင်ခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ Myanmar idol (Season-3) သီချင်းဆိုပြိုင်ပွဲ မပြိုင်ခင်ကတည်းက အပြင်မှာ ဂီတလှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ကတည်းက ကျော်ထက်အောင်နဲ့ ရင်းနှီးဖြစ်ခဲ့တဲ့ အမှတ်တရလေးကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ ကိုကျော်ထက်အောင်နဲ့က ၂၀၁၄ လောက်ကတည်းကခင်ခဲ့ကြတာပါ။ Myanmar idol (Season-1) ပြီးတော့ ပွဲတွေမှာ ကိုကျော်ထက် နဲ့ ဆုံရင် သူ့ကို သွားမနှုတ်ဆက်ရဲဘူး။ ဒါပေမယ့် အစ်ကိုက ဟိတ်ဟန် မရှိဘူး၊ မာန်မာန မရှိဘူး။ အဲဒီတုန်းကတည်းက ခင်တာ။ ဒါပေမယ့် ငွေဇင်နဲ့ Myanmar idol မှာ ပြန်ဆုံတော့ သူလည်း ဝမ်းသာတယ်။ တစ်ခုခုဆို ညီမလေးရေ ဘာညာ သေချာ ပြောပြတယ်။ ကိုယ် နားမလည်တာ၊ မသိတာ တွေရှိရင်လည်း မောင်နှမတစ်ယောက်လို ပြောပြတယ်၊ ဝေဖန်ပေးတယ်၊ အကြံပြုပေးတယ်၊ ကိုယ့်အတွက် အစ်ကိုအရင်းတစ်ယောက်လိုပါပဲ၊ အခုချိန်ထိလည်း နွေးထွေးနေတုန်းပါ” လို့ သူကဆိုပါတယ်။ 

Photo: Ngwe Zin Hlaing

အခုချိန်ထိလည်း ငွေဇင်လှိုင်း နဲ့ ကျော်ထက်အောင်တို့ဟာ မောင်နှမတွေလို ခင်ခင်မင်မင် ရှိနေတုန်းပဲလို့ သိရပါတယ်။ အောက်တိုဘာလ(၁၁) ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့ ငွေဇင်လှိုင်းရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ “ တိတ်တခိုး” Music Video လေးထဲမှာလည်း ကျော်ထက်အောင်က ပါဝင်သရုပ်ဆောင်ပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ 

“ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်ကတော့ ကိုယ်က Crush နေတာပေါ့နော်။ အဲ့ဒီအချိန်မှာ သူကလည်း ကိုယ့်ကို ချစ်နေတယ်ပေါ့နော်။ တိတ်တခိုး အနေနဲ့ ကိုယ်က ချစ်နေတယ်ဆိုတာ ဖွင့်ပြောလိုက်ရင် ဆက်ဆံရေးကျဲသွားမလား၊ မုန်းသွားမလား ဆိုပြီးတော့ မိန်းကလေးဘက်ကပုံစံကို ဆိုထားတာပေါ့နော်။ သီချင်းချည်းပဲ တင်ရင် စိတ်ဝင်စားစရာမကောင်းမှာစိုးလို့ ကိုကျော်ထက်အောင်ကလည်း ငွေဇင်ကို နွေးနွေးထွေးထွေး ကူညီပေးခဲ့တယ်၊ ဒါက ဘဝမှာ အမှတ်တရပေါ့နော်။ ကိုယ်ကလည်း ကိုကျော်ထက်အောင်ကို အစ်ကို တစ်ယောက်လို ချစ်တယ်၊ အရင်တုန်းကတည်းက ရင်းနှီးပြီးသား သီချင်းလေးထဲမှာလည်း အတူတူ သရုပ်ဆောင်ခွင့်ရတော့ အမှတ်တရလေး ဖြစ်သွားတာပေါ့" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Ngwe Zin Hlaing

ငွေဇင်လှိုင်းကိုတော့ ပရိသတ်တွေက Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ သူမဟာ (Top -4+1) Result Show အထိ ပါဝင်လာခဲ့သူပါ။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ တက်သစ်စ အဆိုတော် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဒီပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့ သူမဟာ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုလာရတဲ့ အဆိုတော်တစ်ဦးဖြစ်လို့နေပါပြီ။ မကြာခဏဆိုသလို Single Song လေးတွေလည်း ထွက်ရှိတတ်သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ "သီချင်းသည်" ဆိုတဲ့ အခွေကို ၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ သရုပ်ဆောင် သက်မွန်မြင့်ကိုယ်တိုင်ကလည်း ငွေဇင်လှိုင်းရဲ့ သီချင်းတွေကို အမြဲအားပေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က