ပထမဆုံးအကြိမ် မဲပေးခွင့်ရတာပါတဲ့။

မေတိုးခိုင်ကတော့ ပြည်သူတွေရဲ့ လုံခြုံမှု၊ ဘေးကင်းမှုတွေ နဲ့ ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် မျှော်လင့်ရင်း ဆန္ဒမဲပေးသွားမယ်လို့ ဆိုပါတယ်။ 

Photo: May Toe Khine



မေတိုးခိုင်ကတော့ အခုဆိုရင် အသက် (၂၅) နှစ်အရွယ်ကို ရောက်လာပြီဖြစ်ပါတယ်။ သူမဟာ နိုဝင်ဘာလ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါဟာ သူမအတွက် ပထမဆုံးအကြိမ် ပေးရမယ့် ဆန္ဒမဲ ဖြစ်တာကြောင့်လည်း အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ရင်း မဲပေးသွားမယ်လို့ ဆိုပါတယ်။ 

“ ဖူးက ၂၀၁၅ တုန်းကတော့ နိုင်ငံခြားမှာ စာသွားသင်နေရတဲ့ အတွက် မဲ မပေးလိုက်နိုင်ဘူး။ အခုက ပထမဆုံးအကြိမ် မဲပေးရမှာဆိုတော့ အဓိက ကတော့ ပြည်သူတစ်ယောက်အနေနဲ့ တာဝန်ကျေတော့မယ် ဆိုတဲ့ စိတ်လေးဖြစ်တဲ့အတွက် ဝမ်းသာတယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ်၊ အမှားအယွင်း တစ်ခုခုဖြစ်သွားမှာလည်း စိုးရိမ်တယ်၊ စိတ်လှုပ်ရှားတယ်။ ဖူးတို့ အကုန်လုံးကတော့ ကိုယ်မဲပေးမယ့် အစိုးရဆီကနေ အကောင်းဆုံးတွေ မျှော်လင့်ပြီးတော့ မဲပေးကြရတာပဲလေနော်။ ကိုယ့်နိုင်ငံ တိုးတက်ဖို့၊ ပြည်သူတွေ လုံခြုံ ဘေးကင်းဖို့အတွက် မျှော်လင့်ပြီး မဲ ပေးချင်တယ်။ အခုချိန်မှာ အရင်တုန်းကထက်လည်း အများကြီး ပွင့်လင်း လာပါတယ်။ ဒီမိုကရေစီ ဆိုတဲ့အတိုင်းပဲ အကုန်လုံးကလည်း ပြောဆိုရဲလာကြတယ်။ အဲဒီလို များများ မျှော်လင့်တယ်။ ပြည်သူနဲ့ အတူတူ အလုပ်လုပ်မယ့် အစိုးရကို မျှော်လင့်ပါတယ်” ဆိုပြီးတော့ Duwun ကို ပြောခဲ့ပါတယ်။ 

Photo: May Toe Khine

မေတိုးခိုင် အနေနဲ့ နိုင်ငံအတွင်းမှာ အားနည်းမှုရှိနေသေးတာကတော့ ပညာရေး လို့ ဆိုပါတယ်။ နိုင်ငံခြားမှာ ပညာသွားသင်တာမျိုးထက် နိုင်ငံခြားက တက္ကသိုလ်တွေလိုပဲ ကိုယ့်ရဲ့ နိုင်ငံအတွင်းမှာလည်း အလားတူ ကောင်းမွန်တဲ့ တက္ကသိုလ်ကျောင်းတွေ ရှိလာစေချင်တယ်လို့ ဆိုပါတယ်။ 

“ ဖူးတို့ နိုင်ငံမှာက ပညာရေးအပိုင်း အားနည်းနေသေးတယ်။ ပြောင်းလဲ လာတဲ့ ပညာရေး စနစ်တွေကလည်း အများကြီးရှိပါတယ်။ နောက်ပိုင်းကျလို့ရှိရင်တော့ နိုင်ငံခြားကို ကျောင်းသွားမတက်ရပဲ ကိုယ့်နိုင်ငံမှာ ကောင်းတဲ့ တက္ကသိုလ်ကျောင်းတွေ ရှိစေချင်တယ်။ ပွင့်လင်းလာတဲ့ အချိန်မှာ ဒီလိုမျိုး ပညာရေးစနစ်လေးတော့ လိုချင်တယ်လို့ ထင်တယ်။ ဖူးတို့ နိုင်ငံက ရေရှည်မှာ အများကြီးတိုးတက်လာမယ့် နိုင်ငံတစ်ခုလို့မြင်တယ်။ အခုဆို အင်တာနက်လိုင်းတွေ အရမ်းကောင်းလာပြီး လူတွေ အကုန်လုံးကလည်း ဒီ Social Media ပေါ်ကနေ တဆင့် အများကြီးသင်ယူလေ့လာခွင့်တွေ ရနေပြီ။ အရင်တုန်းကထက် ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရှိလာတယ်လို့ မြင်တယ်။ နောက်နှစ်တွေမှာလည်း ဒီ့ထက် ပို အမြင်ကျယ်ပြီး လူငယ်တွေကလည်း ခေါင်းဆောင်လုပ်နိုင်မယ့် နိုင်ငံတစ်ခုကို လိုချင်တာပေါ့နော်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: May Toe Khine

မေတိုးခိုင်ကတော့ နိုဝင်ဘာလ (၈) ရက်နေ့ရောက်ရင် ဗဟန်းမြို့နယ်၊ သာသနာ့ရပ်ကွက်၊ သာသနာ့ရိပ်သာ မဲရုံ(၂) ကနေ ဆန္ဒမဲ ပေးသွားမယ်လို့ သိရပါတယ်။ သူမဟာ တက်သစ်စ အနုပညာရှင်တွေ ထဲမှာမှ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ သူဟာ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမ အရင်းလေး ဆိုကလည်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင် နဲ့ အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ နောက်ထပ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က