သူ့ရဲ့ အနုပညာအတွေ့အကြုံတွေကိုလည်း မျှဝေခဲ့ပါတယ်။

မြင့်မြတ်ကတော့ အနုပညာသက်တမ်း (၁၄) နှစ်ရှိပြီဖြစ်သလို သူဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလို မျှဝေခဲ့ပါတယ်။ 

Photo: Myint Myat



မြန်မာ့ရုပ်ရှင်လောကထဲကို “ မိထွေး” ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေး နဲ့ ပရိသတ်အရှေ့ကို ရောက်လာခဲ့သူကတော့ သရုပ်ဆောင် မြင့်မြတ်ပါ။ မြင့်မြတ်ဟာ မဟော်ဂနီရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက စင်တင်ပေးခဲ့တဲ့ မင်းသားတစ်ယောက်ပါ။ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရပြီး အခုဆိုရင် အကယ်ဒမီဆုရ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ရဲ့ အနုပညာအစကနေ အခုထိ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြလာပါတယ်။ 

“ ကျွန်တော်က မဟော်ဂနီ ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးကနေပြီးတော့ စင်တင်မင်းသား အဖြစ်နဲ့ စာချုပ် စချုပ်တယ်။ အဲဒီမှာ ဒါရိုက်တာ ဦးဝင်းထွန်းထွန်း နဲ့ “ မိထွေး” ဆိုတဲ့ ဗီဒီယို ဇာတ်ကားနဲ့ ပထမဆုံး ဒီလောကထဲကို ဝင်လာတာ။ နောက်တော့ ပထမဆုံး ရုပ်ရှင်ကားကြီးက ဒါရိုက်တာ ဦးမီးပွားရိုက်တဲ့ “ အမည် မဖော်လိုသူ အချစ်” ဇာတ်ကားပေါ့။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က ခေါင်းဆောင် မင်းသားမဟုတ်ပေမယ့် ဇာတ်ကောင်လေး တစ်ခုမှာ ပါဝင်သရုပ်ဆောင်ရတာပါ။ ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်တာက ဒါရိုက်တာ ကိုဝိုင်း ရိုက်ကူးတဲ့ “ကျောက်စက်ရေ” ဆိုတဲ့ ဇာတ်ကားပါ။ အကယ်ဒမီ ရခဲ့တဲ့ ဇာတ်ကား ကတော့ “ အမှောင်တွေ ရွာချတဲ့ မိုးတိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ ဆုရခဲ့တာပါ” ဆိုပြီးတော့ မြင့်မြတ်က ရုပ်ရှင်နှစ်(၁၀၀) ပြည့် အမှတ်တရ စကားပြောရင်း ပြန်လည်မျှဝေခဲ့တာပါ။ 

Photo: Myint Myat

မြင့်မြတ်ကတော့ အနုပညာလောကထဲကို ၂၀၀၆ ခုနှစ်က ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် အနုပညာသက်တမ်း (၁၄) နှစ်ရှိပါပြီ။ သူ့ အနေနဲ့ ဆယ်စုနှစ်အကြာ အနုပညာလောကထဲမှာ ဖြတ်သန်းလာခဲ့သလို အနုပညာလောကသားတိုင်းနဲ့လည်း မိသားစုသဖွယ် ခင်ခင်မင်မင်ရှိသူ တစ်ယောက်ပါ။ ဒါကြောင့် မျိုးဆက်သစ် အနုပညာရှင်တွေ အတွက် သူက အခုလို စကားလက်ဆောင် ပြောထားပါသေးတယ်။ 

“ ကျွန်တော့် အနုပညာသက်တမ်း တစ်လျှောက်မှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်ဆိုတာကို ကြုံတောင့် ကြုံခဲ ကြုံရတဲ့ အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ ရိုက်ကူးခွင့်ရထားတဲ့ မှတ်တမ်းလေးတွေကလည်း နောင်တစ်ချိန်မှာ အနုပညာရှင်ဖြစ်လာမယ့် နောင်လာနောင်သားတွေ၊ ပရိသတ်တွေ ကြည့်ရှုရမယ့် အမှတ်တရလေးတွေ ဖြစ်နေမှာပါ။ ကျွန်တော်တို့ခေတ် မတိုင်ခင် ဟိုးအရင်က အနုပညာရှင်ကြီးတွေကလည်း အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ တစ်ဖက်တစ်လမ်းကနေ ဝင်ပြီးတော့လည်း ကူညီပေးကြတယ်။ ချစ်ချစ်ခင်ခင် နဲ့ မိသားစုတွေလိုပဲ စည်းစည်းလုံးလုံး ဖြတ်သန်းခဲ့ကြတယ်။ အဲဒီ အမွေကို ကျွန်တော်တို့ လက်ထပ်မှာလည်း လက်ဆင့်ကမ်း အနေနဲ့ ဖြတ်သန်းနေတယ်။ ရုပ်ရှင်လောကသားတွေ အားလုံးက မိသားစု အရင်းတွေလိုပါပဲ။ နောက်လာမယ့် အနုပညာရှင်တွေကလည်း အခုလိုပဲ မိသားစုလို စည်းစည်းလုံးလုံးနေပေးကြဖို့ ကျွန်တော်က တောင်းဆိုချင်ပါတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Myint Myat

သရုပ်ဆောင်မြင့်မြတ်ကတော့ အခုဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ ထိပ်တန်းစာရင်းဝင် သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကားတွေ၊ ကြော်ငြာတွေ အပြင် ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားသူတစ်ယောက်ပါ။ လက်ရှိမှာတော့ COVID-19 ကူးစက်ရောဂါကြောင့် ရိုက်ကူးရေးတွေ နားထားရင်း မိသားစုကို ပိုအချိန်ပေးနေတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ သူဟာ တစ်ဦးတည်းသော သားလေး မြတ်သူကို ပိုင်ဆိုင်ထားပါ ကြောင့် ရိုက်ကူးရေးတွေ ခဏနားထားရင်း မိသားစုကို အချိန်ပေးနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် ရင်သွေးလေးကို ဇနီးဖြစ်သူ မခင်သူအောင်က ကိုယ်ဝန်လွယ်ထားရပြီလို့ မြင့်မြတ်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က