ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။
Sabal Thwin

ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် မီးမီးခဲရဲ့ ခန္ဓာကိုယ်ကိုတော့ ကျန်ရစ်သူ မိသားစုဝင်တွေက ဒီနေ့မှာပဲ ဂူသွင်းမြုပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုတော် မီးမီးခဲကတော့ အောက်တိုဘာလ ၁၆ ရက်နေ့ သြစတြေးလျ စံတော်ချိန် ည (၉) နာရီခွဲကျော်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူ့မရဲ့ နောက်ဆုံးခရီးအနေနဲ့ ဂူသွင်းမြုပ်နှံခြင်းအစီအစဉ်ကိုတော့ အောက်တိုဘာလ (၂၆) ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး တေးရေး စံပီးက Duwun ကို အခုလို ပြောပြလာပါတယ်။ 

" ဒီနေ့မနက် မြန်မာနာရီ ၆ နာရီလောက်မှာ ဈာပန အစီစဉ်ကို သူတို့မိသားနဲ့ပဲ သီးသန့်လုပ်ဆောင်ခဲ့ပြီးပါပြီ" လို့ ဆိုပါတယ်။ 

Photo: Mee Mee Khel

အဲဒီနောက် အဆိုတော်မီးမီးခဲရဲ့ ခင်ပွန်းဖြစ်သူကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဇနီးဖြစ်သူ မီးမီးခဲ ရဲ့ ခန္ဓာကိုယ်ကို ဒီနေ့ ( အောက်တိုဘာလ ၂၆ ရက်) မှာ သြစတြေးလျနိုင်ငံ Sydney မြို့မှာရှိတဲ့ ခရစ်ယာန်သချိုင်းမှာ ဂူသွင်းမြုပ်နှံလိုက်တယ်လို့ သူမကို ချစ်တဲ့ ပရိသတ်တွေသိအောင် ပြောပြခဲ့ပါတယ်။ 

" အားလုံး ချစ်ရတဲ့ ကျွန်တော့်ဇနီး မီးမီးခဲဟာ အောက်တိုဘာလ ၁၆ရက်နေ့မှာ ဘုရားရှင်ရဲ့ ရင်ခွင်တော်သို့ ပြန်လည်‌ခေါ်ယူတော်မူခြင်းကို ခံစားခဲ့ရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၂၆ရက်နေ့မှာတော့ ကျွန်တော်တို့မိသားစုဝင်များ သူ့ရဲ့ ကိုယ်ခန္ဓာကို နောက်ဆုံး နှုတ်ဆက်ခြင်းနှင့်အတူ ဆုတောင်းဆက်ကပ်အပ်နှံခြင်းအစီစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့မိသားစုရဲ့ ဝမ်းနည်းဆုံးအချိန်မှာ ဆုတောင်းပေးခြင်း အားပေးခြင်း နှင့် အဖက်ဖက်မှကူညီပေးသောသူများ... လာရောက်မေတ္တာပြပေးသော သူများ နှင့် ပရိသတ်များ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အယောက်ဆီတိုင်းကို ဘုရားရှင်ကောင်းချီးပေးပါစေ" ဆိုပြီးတော့လည်း မီးမီးခဲရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။
 

Photo: Mee Mee Khel

မီးမီးခဲကတော့ အောက်တိုဘာလ(၁၆) ရက်နေ့က သြစတြေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ အချိန်မှာ အသက်(၃၇) နှစ်ရှိလို့နေပါပြီ။ သူမ ကွယ်လွန်ခဲ့တဲ့ သတင်းဟာ ဂီတလောကအတွက် ကြယ်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရသလိုမျိုး ဂီတအနုပညာရှင်တွေနဲ့ ပရိသတ်တွေက အင်မတန် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ 

မီးမီးခဲဟာ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ရင်သားကင်ဆာ အဆင့်(၄) အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ သူမကိုယ်တိုင်က ကင်ဆာရောဂါခံစားနေရတာကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်း အားပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့သလို ဒီဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က