ပရိသတ်ကလည်း အထင်လွဲခဲ့ကြတာတွေရှိတယ်။
Sabal Thwin

ဘိုမ ကတော့ ဖြူဖြူထွေးနဲ့ ပတ်သက်ပြီး သူမအပေါ် အထင်လွဲနေကြတဲ့ ပရိသတ်တွေကြောင့် စိတ်မကောင်းဖြစ်နေရတယ်လို့ ဆိုပါတယ်။ 

ဇာတ်ပို့သရုပ်ဆောင် ဘိုမကတော့ အရင်တုန်းက အွန်လိုင်းစာမျက်နှာပေါ်မှာ ဖြူဖြူထွေးကို ရုပ်ရှင်အစည်းအရုံးဝင်ကဒ် ရှိသူ အနုပညာလောကသားတစ်ဦးက အကူအညီတောင်းခံခဲ့ချိန်မှာ ဖြူဖြူထွေးက ယင်းအစည်းအရုံးဝင်ကဒ်ကို အွန်လိုင်းပေါ်မှာ တင်ပြီး အကူညီတောင်းခံရတယ် ဆိုတဲ့ အကြောင်း ရေးသားခဲ့ရင်းကနေ တဆင့် သရုပ်ဆောင် မင်းခန့်ကျော် နဲ့ ဖြူဖြူထွေးတို့ ကြားမှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်။ ဒီ ဝေဖန်မှုတွေအပေါ် ဘိုမ ကလည်း ဖြူဖြူထွေးအနေနဲ့ အနုပညာသမားအချင်းချင်း အခုလို မလုပ်သင့်ဘူးဆိုတာကို မီဒီယာ အင်တာဗျူးတစ်ခုမှာ ပြောကြားပရိသတ်တွေရဲ့ ဝေဖန်မှုကို ကြုံနေရသူဖြစ်ပါတယ်။ 

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူမကို ဝေဖန်ပြောဆိုလာတဲ့ ပရိသတ်တွေကြောင့် စိတ်ညစ်နေရတယ်လို့ Duwun ကို ပြောလာခဲ့ပါတယ်။ 

“ အခုချိန်မှာ အနုပညာအလုပ်တွေလည်း လုပ်လာရသလို အဆဲခံရတာတွေလည်း ရှိလာတယ်၊ ကြာလာတော့ အမှန်အတိုင်းပြောလည်း အဆဲခံနေရတုန်းပဲ ဆိုတော့ မရှင်းပြချင်တော့ဘူး။ အဆဲခံရပါ များတော့လည်း မခံစားနိုင်တော့ဘူး။ စိတ်ညစ်တာကတော့ ရှိတယ် ဒါပေမယ့် ကိုယ်ကပြန်ပြောရင်လည်း မမှတ်သေးဘူးလား၊ လိုင်းပေါ်တက်ပြီး ငိုပြဦးမှာလား ဆိုတဲ့ အပြောတွေလည်း မခံနိုင်ပါဘူး။ အရင်တုန်းက အမက ဖြူဖြူထွေးနဲ့ မင်းခန့်ကျော်တို့နှစ်ယောက်ကြားက ပြဿနာကို ပြေလည်အောင် ပြောခဲ့ပေမယ့် အမြင်လွဲသွားကြတာတွေရှိတယ်၊ အစ်မကို ဆဲကြတယ်၊ ဒါပေမယ့် သေချာကြည့်မယ်ဆိုရင် ဘာကိုပြောတာလဲဆိုတာ သိမှာပါ။”လို့ သူကဆိုပါတယ်။ 

Photo: Bo Ma

ဘိုမရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီး ဖြူဖြူထွေးက စားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပရိသတ်တွေ အထင်လွဲနေတဲ့ပြဿနာမှာ သူမအနေနဲ့ ဖြူဖြူထွေးကို ကျေးဇူးကန်းတဲ့ စကားတွေ မပြောခဲ့တဲ့အကြောင်းကိုလည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ ဖြူဖြူထွေးနဲ့ ပတ်သက်ပြီး အစ်မ မစော်ကားပါဘူး။ အစ်မ ပြောခဲ့တဲ့ စကားတွေထဲမှာ ဖြူဖြူထွေးကို ကျေးဇူးကန်းခဲ့တဲ့ စကားတစ်ခွန်းမှလည်း မပါခဲ့ဖူးပါဘူး။ အမြင်လွဲ၊ အထင်လွဲခဲ့ကြတဲ့ သူတွေလည်းရှိတယ်။ တချို့ အင်တာဗျူးတွေကျတော့ လိုရင်းလေးတွေကိုပဲ ဖြတ်ဖြတ်ပြီး တင်ကြလို့အစ်မ ဒုက္ခရောက်ပါတယ်။ ဒါပေမယ့် ဖြေရှင်းလေ ပိုရှုပ်လေ ဖြစ်မှာစိုးလို့ ဘယ်လောက်အထိ ဆဲနိုင်ကြမလဲ ဆဲကြပါ လို့ပဲ အစ်မ လွှတ်ပေးလိုက်ပါတော့တယ်။ တချို့ကျတော့ အစ်မကို စွာကြတယ်ပြောတယ်၊ ဝန်ခံပါတယ် အစ်မက ဇာတ်ကားထဲမှာရော အပြင်မှာရော တကယ်လည်း စွာတဲ့သူပါ”လို့ ဆိုပါတယ်။ 

Photo: Bo Ma

ဘိုမကတော့ ဗီဒီယို ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအနေနဲ့ အမြဲတွေ့ရလေ့ရှိသူ တစ်ယောက်ပါ။ သူမဟာ ဈေးရောင်းတဲ့ ကာရိုက်တာ၊ ရပ်ကွက်ထဲလည်ရင်းပတ်ရင်း အတင်းပြောတတ်တဲ့ အမျိုးသမီး ကာရိုက်တာ၊ အိမ်အကူ ကာရိုက်တာတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က