ဒီနေ့မှာလှူတဲ့ အလှူလေးတစ်ခု အထမြောက်ခဲ့ပါပြီ။

ခိုင်နှင်းဝေကတော့ ကိုဗစ်ကာလမှာ စားဝတ်နေရေး ကြပ်တည်းနေကြတဲ့နေရာတွေကို သူမတစ်ဦးတည်း လိုက်လံ လှူဒါန်းခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါမှာ ပရဟိတအလုပ်တွေ လုပ်နိုင်ဖို့ ငွေကြေး အကြပ်အတည်းလေးတွေ ကြုံနေရတဲ့အကြောင်း အခုလို ပြောပြလာပါတယ်။ 

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူမရဲ့ ပရဟိတအလုပ်တွေကိုတော့ ရပ်နားထားတဲ့သူမဟုတ်ပါဘူး။ ဒီနေ့ ( နိုဝင်ဘာလ ၃ရက်)မှာလည်း တောင်ဒဂုံမြို့နယ် အတွင်းမှာရှိတဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အိမ်ထောင်စု(၂၀၀) စာအတွက် အလှူအတန်းတွေ လုပ်ပေးခဲ့ပါတယ်။ 



သူမ အနေနဲ့ ကိုဗစ်ကာလ စဖြစ်ကတည်းက အလှူအတန်းတွေ ဆက်တိုက် လုပ်ခဲ့ပေမယ့် အခုချိန်မှာတော့ ငွေအင်အားရော၊ လူအင်အားပါ အခက်အခဲကြုံနေရပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အစ်မကလေ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လှူရတာ များလာတော့ ငွေအားလည်း ပင်ပန်းနေသလို လူအားလည်း ပင်ပန်းနေပြီ။ ကလေးတွေကလည်းရှိသေးတယ်လေ။ ဒါပေမယ့် အခုလို ဖြစ်လာတော့ ငါ လှူဦးမယ် ဆိုပြီးတော့ လိုက်လှူဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အစ်မရဲ့ အလှူလေး အထမြောက်တယ်။ ဒီနေ့ကတော့ မသန်စွမ်းတွေရယ်၊ သက်ကြီးဘိုးဘွားတွေရယ်ကို အဓိက ထားပြီး လှူဖြစ်တယ်။ မသန်စွမ်းတွေနဲ့ သက်ကြီးဘိုးဘွား (၁၀) ယောက်လောက်ကို စာရင်းကောက်ပြီးတော့ ငွေကျပ်(၃) သောင်းဆီ သီးသန့် ထပ်လှူပေးပါတယ်။ အိမ်ထောင်စု (၂၀၀) စာအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ပဲ တွေ လှူတယ်။ အစ်မနဲ့ အတူ လိုက်ပြီး ကုသိုလ်ယူပေးကြတဲ့ ကုမ္မဏီတွေလည်းရှိတယ် " လို့ သူကဆိုပါတယ်။ 

ဒီနေ့ အလှူမှာတော့ ခိုင်နှင်းဝေ နဲ့ အတူ ကုမ္မဏီ တချို့ကလည်း ပါဝင်ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ သူမ ကိုယ်တိုင်ကလည်း ငွေကြေးအကြပ်အတည်းကြုံနေရပေမယ့် မဖြစ်မနေ အလှူလုပ်ခွင့်ရခဲ့တဲ့ အမှတ်တရကို ပြောပြခဲ့ပါသေးတယ်။ 

“ အစ်မဆီကို အကူအညီလာတောင်းတဲ့သူက များတယ် ဒါပေမယ့် လာတောင်းသမျှကိုလည်း ကိုယ်က အကူအညီမပေးနိုင်ဘူး။ ပြီးတော့ စည်းကမ်းရှိတဲ့ ရပ်ကွက်မျိုးလောက်ပဲ အစ်မတို့က လှူပေးနိုင်တာပါ။ ဒါပေမယ့် ဒီအလှူနဲ့ ပတ်သက်ပြီး အစ်မကို အကူအညီလာတောင်းတဲ့သူက ဒီရပ်ကွက်မှာ ဘယ်လိုအခြေအနေ ရှိတယ် ဆိုတာကအစ အချက်အလက်ကျကျနဲ့ သူ ပြောပြနိုင်တယ်၊ သူကိုယ်တိုင်ကလည်း တစ်ကိုယ်တော် ပရဟိတ သမားပဲ ဆိုတော့ ဒီအလှူနဲ့ ပတ်သက်ပြီး သူက အကုန်စီစဉ်ပေးတယ်။ အစ်မထက် သူက ပိုကုသိုလ်ရမှာပါ။ ဒီနေရာမှာက ကလေးတွေ အတွက် နို့မှုန့်အခက်အခဲဖြစ်နေတဲ့သူတွေ အရမ်းများတယ်ဆိုတဲ့အတွက် နှို့မှုန့် ကုမ္မဏီတစ်ခုက နှို့မှုန့် ဗူး (၅၀) လှူဖြစ်တယ်။ နောက်ထပ် အက်ပလီကေးရှင်း ကုမ္မဏီတစ်ခုကလည်း အိမ်ထောင်စု(၅၀) စာအတွက် သူတို့ တတ်နိုင်တဲ့ အလှူလေးတွေ လုပ်ပေးကြတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ခိုင်နှင်းဝေဟာ ကိုဗစ်ကာလမှာ သူမရဲ့ ရင်သွေးလေးများ ရိပ်မြုံက ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ သူမရဲ့ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က