သူမရဲ့ ပန်းချီ ဝါသနာအကြောင်းပြောလာပါတယ်။

မိုးယုစံကတော့ ကိုဗစ်အလှူအတွက် သူမကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေးကို ဝယ်ယူအားပေးခဲ့တဲ့ အပေါ် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Moe Yu San



အနုပညာရှင်တွေ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို 3 Colour ပန်းချီပြခန်း Facebook Page ကနေတဆင့် နိုဝင်ဘာလ (၁) ရက်နေ့က စတင် လေလံတင်ရောင်းချနေတာဖြစ်ပြီး ရောင်းလို့ရလာတဲ့ ငွေကြေးတွေကို ကိုဗစ်အလှူအတွက် လှူဒါန်းသွားမယ့် အစီအစဉ်လေး ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီအလှူအတွက် မင်းသမီးချော မိုးယုစံ ကိုယ်တိုင် ဆွဲထားတဲ့ ပန်းချီကားလေးကို (၃) သိန်းကျပ်ဖြင့် လေလံစတင်ခဲ့ရာမှ နောက်ဆုံးပိတ် အနေနဲ့ ငွေကျပ် (၄)သိန်း(၅) သောင်းနဲ့ လေလံအောင်ခဲ့တယ်လို့ သိရပါတယ်။ 

မိုးယုစံ ကိုယ်တိုင်ကလည်း သူမရဲ့ ပန်းချီကားလေးကို ဝယ်ယူအားပေးခဲ့တဲ့ ပရိသတ် နဲ့ စိတ်ဝင်တစားရှိခဲ့ကြတဲ့ ပရိသတ်တွေ ရှိလို့ ဝမ်းသာပီတိဖြစ်ရတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ ပန်းချီကားလေး ရောင်းထွက်သွားတဲ့ အတွက် အများကြီးဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ် ဆွဲတတ်သလောက်ဆွဲထားတဲ့အရာလေး၊ ကိုယ်ဆွဲခဲ့တဲ့ ပုံတွေထဲမှာမှ ဒီပုံလေးကို မိုးယုက အကြိုက်ဆုံးပါ၊ တန်ဖိုးအထားဆုံး ပန်းချီကားလေးဆိုတော့ အခုလို လှူမယ့် ပွဲလေး လုပ်မယ်လို့ သိရတဲ့အချိန်မှာ ဒီပုံလေးနဲ့ ပါဝင်ခဲ့တာပါ။ အခုလို လေလံအောင်သွားတာ ဝမ်းသာတယ်။ ပုံမှန် အလှူဆိုရင် ငွေအားနဲ့ လှူမလား၊ ပစ္စည်း လှူမလားပေါ့နော်။ ဒါမျိုးလေးတွေက လှူခဲ့ပြီးပြီ။ ဒါပေမယ့် ကိုယ့်ရဲ့ အနုပညာ၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လှူရတာဆိုတော့ ဒါကို လူတိုင်းလည်း လှူလို့ရတာ မဟုတ်ဘူးလေ။ ဒါကလည်း ကိုယ့်ရဲ့အတတ်ပညာလေး တစ်ခုနဲ့ လှူခွင့်ရတာကို ဝမ်းသာတယ်၊ ကိုယ် လှူခွင့်ရတာထက် ကိုယ် ဆွဲတဲ့ ပုံလေးကို စိတ်ဝင်စားကြတယ်၊ ကြိုက်တယ်၊ ဝယ်သွားတယ်ဆိုတာကို ပိုပြီးတော့ ကျေးဇူးတင်တယ်” လို့ ဆိုပါတယ်။ 

Photo: Moe Yu San

မိုးယုစံ ဟာ ငယ်စဉ်ကတည်းက အနုပညာအလုပ်ထက် ပန်းချီဆွဲတာကို ပိုပြီး ဝါသနာကြီးခဲ့သူဖြစ်ပါတယ်။ သူမ အနေနဲ့ ပန်းချီနဲ့ ပတ်သက်ပြီး မမေ့နိုင်တဲ့ အမှတ်တရလေးကတော့ ကျောင်းတက်တဲ့ အရွယ်တုန်းက ကျောင်းမှာ လိုအပ်တဲ့ ရုပ်ပုံလေးတွေကို အမြဲတမ်း ဆွဲပေးခဲ့ဖူးတဲ့အကြောင်း ပြောပြလာပါတယ်။ 

“ မိုးယုက ပန်းချီဆွဲတာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားခဲ့တာပါ။ သရုပ်ဆောင်နဲ့ ပန်းချီဆွဲတာ ဆိုရင် ပန်းချီဆွဲတာကို ပိုစိတ်ဝင်စားခဲ့တာများတယ်။ ပန်းချီဆွဲတာက နံပါတ်(၁) ပဲ။ ကျောင်းတုန်းကလည်း (၈) တန်း၊ (၉) တန်းအရွယ်တုန်းက ကျောင်းမှာ လိုအပ်တဲ့ ပုံလေးတွေကို ဆွဲပေးဖြစ်တယ် ဒါလေးက အမှတ်တရပါ။ ပြီးတော့ နံရံမှာ ကပ်တဲ့ မဟော်သဓာ သရုပ်ဖော်တဲ့ ပုံတွေ ဆွဲပေးလေ့ရှိတယ်။ အဲဒီတုန်းက ပန်းချီသင်တန်းလည်း မတတ်ထားသလို အခြေခံလည်း မတတ်ဘူး။ ကိုယ့်ဘာသာ ဝါသနာအလျှောက်ဆွဲတာပေါ့။ ၂၀၁၄ ၊ ၂၀၁၅ လောက်တုန်းကတော့ပန်းချီဆရာ ခေါ်သင်ဖြစ်တယ် လပိုင်းလောက်ပေ့ါ။ အဲဒီမှာလည်း အခြေခံက စပြီးသင်ခဲ့တာ မဟုတ်ဘူး။ ကိုယ်လုပ်ချင်တာ လုပ်လိုက်ရမှ ကျေနပ်တဲ့သူဆိုတော့ ဆရာ့ကို ဒီလိုပုံစံလေးကြိုက်တယ်၊ ဒီလိုပုံလေး ဆွဲချင်တယ် သင်ပေးပါဆိုပြီးတော့ သင်ဖြစ်ခဲ့တာမျိုးပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။

 

Photo: Moe Yu San

မိုးယုစံအနေနဲ့ အနုပညာအလုပ်တွေ၊ အိမ်ထောင်ရေး ကိစ္စတွေ မအားလပ်တာကြောင့် ပန်းချီဆွဲတာကို ၂၀၁၅-၂၀၁၆ လောက်မှာ ရပ်လိုက်တယ်လို့ သိရပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၄) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ ပထမဆုံး ရင်သွေးလေးကိုတော့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။သားလေးကို အိမ်ခေါ်နာမည် အင်္ဂလိပ်နာမည်အဖြစ် Austin လို့ နာမည်ပေးထားပြီး မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူလို့ နာမည်ပေးထားတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ သူမဟာ ဒုတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားရပြီလို့သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က