အိမ်ထောင်ပြုပြီးရင်တောင် အတူတူနေချင်တာပါ။

ပန်းရောင်ခြယ်ကတော့ မိဘနှစ်ပါးနဲ့ ညီမလေး အတွက် သူမ စိတ်ကူးထားတဲ့ အရာလေးတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

photo: pan yaung chel



အဆိုတော် ပန်းရောင်ခြယ်ကတော့ ဝါရင့်အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးတစ်ယောက်ပါ။ သူမဟာ ဂီတလောကမှာ ကောလာဟလ သတင်းတွေလည်း မရှိခဲ့ဖူးသလို မိဘနှစ်ပါးရဲ့ စကားကိုလည်း အမြဲနားထောင်လေ့ရှိတဲ့ သမီးလိမ္မာလေးဆိုလည်း မမှားပါဘူး။ ဒါကြောင့် မိသားစုနဲ့ ပတ်သက်ပြီး သူမရဲ့ ရည်ရွယ်ချက်လေးကို Duwun ကနေ ပြောပြလာပါတယ်။ 

“ တစ်ခါတလေကျရင် စဉ်းစားမိတယ် ကိုယ်လည်း အရွယ်ရလာပြီဆိုပေမယ့် အိမ်မှာ ကလေးလိုပဲ နေရတာ ဖေဖေ မေမေ တို့က ပိုပင်ပန်းတယ်လို့ တွေးမိတယ်။ ကလေးတွေလိုနေရတာများတော့ သိပ်စဉ်းစားရတာမရှိဘူး။ ဒယ်ဒီနဲ့ မာမီ တို့က ပိုစဉ်းစားပေးတာများတယ်။ ဒါပေမယ့် ပန်းရောင်က မိသားစုထဲမှာ သမီးကြီးလည်းဖြစ်တယ် အသက်အရွယ်တစ်ခုလည်း ရလာပြီဆိုတော့ မိသားစုကို ဘယ်လို စောင့်ရှောက်မလဲ၊ ဘယ်လိုကြည့်မလဲ၊ ဘယ်လို ရှေ့ဆက်ရမလဲ ဆိုတာတွေတော့ စဉ်းစားတာ များတယ်။ ငွေရေး၊ ကြေးရေးအပိုင်းကိုတော့ စိတ်မပူဘူး။ ပန်းရောင်က ကိုယ်ရသမျှ ငွေအကုန်လုံးကို ဒယ်ဒီနဲ့ မာမီကိုပဲ ၁၀၀ ရာခိုင်နှုန်းအပြည့် ပေးတာ။ ဒါပေမယ့် မိဘကို ပြန်ပြီးတော့ စောင့်ရှောက်တဲ့နေရာမှာ ကိုယ် ဘာတွေ လိုအပ်သေးလဲ ဆိုတာမျိုးတော့ စိတ်ပူပြီး တွေးမိတာမျိုးတွေရှိတယ်” လို့ သူကဆိုပါတယ်။ 

photo: pann yaung chel

သူမ အနေနဲ့ အိမ်ထောင်ပြုခဲ့ရင်တောင်မှ မိသားစုနဲ့ မခွဲမခွာ အတူတူ နေချင်သေးတယ်လို့လည်း ပန်းရောင်ခြယ်က ဆက်လက် ပြောပြခဲ့ပါတယ်။  

“ ပန်းရောင်က နှစ်တော်တော် ကြာတဲ့ အထိ မိသားစုနဲ့ အတူတူနေမယ်။ ကိုယ်လုပ်စရာရှိတာတွေ လုပ်ကြမယ်ပေါ့။ တကယ်လို့ အိမ်ထောင်ပြုရတဲ့ အရွယ်မှာ အိမ်ထောင်ပြုပြီးရင်တောင် မိသားစုနဲ့ အတူမနေပဲ အိမ်ခွဲနေမယ်ဆိုရင်တောင်မှ ခြံ တစ်ခုတည်းမှာ အိမ်နှစ်လုံး ထားတာမျိုးနေချင်တယ်။ ဖြစ်နိုင်ရင်တော့ တစ်အိမ်တည်း အတူတူနေချင်တာပါ။ ဒါကလည်း ကိုယ်က အိမ်ထောင်ပြုဖြစ်ခဲ့မှ ဖြစ်လာမယ့် အတွေးလေးပါ။ ကျန်တာတွေတော့ အဝေးကြီး မစဉ်းစားဖြစ်ဘူး” လို့ ဆိုပါတယ်။ 

photo: phonn

ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး Wake Up Daddy ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။ အဲဒီနောက် အတွဲသီချင်းလေးတွေမှာလည်း ပါဝင်သီဆိုလာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က