ဒိုရာအဲလက်စ်ရဲ့ ကျန်းမာရေး ပြန်ကောင်းသွားပြီလို့ ဆိုပါတယ်။

ဆွစ်ဇလန်နိုင်ငံ Lausanne မြို့မှာ ပညာသင်ယူနေတဲ့ ဒိုရာအဲလက်စ်ဟာ ကိုဗစ်ရောဂါကြီးကို အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်နိုင်ခဲ့ပြီလို့ ဖခင်ဖြစ်သူ အဲလက်စ်က Duwun ကိုပြောပါတယ်။

Photo: Alex



အဆိုတော် အဲလက်စ်ရဲ့ သမီးဖြစ်သူ ဒိုရာအဲလက်စ်ဟာ ဆွစ်ဇလန်နိုင်ငံ Lausanne မြို့မှာ ပညာသင်ကြားနေရင်း အောက်တိုဘာလ (၁၉) ရက်နေ့တုန်းက ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရလို့ Quarantine ဝင်ခဲ့ရာမှ အောက်တိုဘာလ (၃၀) ရက်နေ့မှာ ရောဂါပိုး ကင်းစင်သွားပြီလို့ သိရပါတယ်။ Quarantine ကာလကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တဲ့ သမီးဖြစ်သူအတွက် အဲလက်စ် က Duwun ကနေတဆင့် ဝမ်းသာပီတိစကားဆိုခဲ့ပါတယ်။ 

" အခုဆိုရင် သမီးလေးက Quarantine ထွက်ပြီပေါ့နော်။ သူထွက်လာပြီး ၃ ရက် ၄ ရက်လောက်မှာ တော်တော်လေး နေမကောင်းသလို ခံစားရသေးတယ် ပြောတယ်။ အခုတော့ သူ ကောင်းသွားပါပြီ။ သူတို့ရဲ့ ဆွစ်ဇလန်မှာက အခြေအနေက ပိုဆိုးတယ် တစ်ရက်ကို လူ (၂) သောင်းလောက်ဖြစ်နေတာ ဆိုတော့ တစ်မြို့လုံး Lockdown လို သဘောမျိုးလုပ်ထားတယ်။ ဘယ်သူမှ ဘယ်မှ သွားလို့ မရတော့ စိတ်ချတာပေါ့နော်။ သူလည်း သွားစရာနေရာ မရှိတော့ဘူး။ ကျောင်းကလည်း ပိတ်ထားတော့ သူ့ အခန်းထဲမှာ နေပြီး အွန်လိုင်းကနေ စာသင်နေရတာပေါ့။ ဒါပေမယ့် ပြန်လည်း ကူးတတ်တယ်ဆိုတာ သူသိတယ်၊ Mask တပ်ဖို့ ဂရုစိုက်ဖို့ ပြောတယ်။ သူက ပိုဂရုစိုက်တတ်တဲ့သူဆိုတော့ မိဘတွေက သိပ်မှာစရာတောင် မလိုဘူး" လို့ သူကဆိုပါတယ်။ 

Photo: Alex

Quarantine ကာလကို သီတင်းကျွတ်အမီ ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် ဒိုရာအဲလက်စ်ကိုယ်တိုင်ကလည်း ဝမ်းသာပီတိဖြစ်နေရတာတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ အဲဒီနောက် စာသင်ကျောင်းက အဆောင်ကို ပြန်ရောက်နေတဲ့ ဒိုရာအဲလက်စ်ဟာ သီတင်းကျွတ်ကာလမှာ မိဘနှစ်ပါးကို အွန်လိုင်းပေါ်ကနေ တဆင့် ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပမှာနေထိုင်ရင်း မိဘနှစ်ပါးကို ဂါရဝပြုခဲ့တဲ့ ဒိုရာအဲလက်စ်ရဲ့ သိတတ်မှုတွေအပေါ် အဲလက်စ်က အခုလို ပြောပြလာပါတယ်။ 

"သူ နေပြန်ကောင်းလာတဲ့ အပေါ်မှာလည်း အစ်ကိုတို့ အရမ်းဝမ်းသာတယ်၊ ပြီးတော့ သီတင်းကျွတ် ကာလဆိုတော့ သူက အစ်ကိုတို့က ဖုန်းထဲကနေ ကန်တော့တယ်။ အခုကတော့ Covid ကာလဖြစ်နေတော့ သူ့ကို သိပ်ထွေထွေထူးထူး မပြောဘူး။ ကျန်းမာရေး ဂရုစိုက်ဖို့ကိုပဲ အဓိက ပြောဖြစ်တယ်။ ဒီ Covid ပြီးလို့ သွားလို့ လာလို့ အဆင်ပြေပြီဆိုရင်တော့ သူရှိတဲ့နေရာကိုပဲ အစ်ကိုတို့ လိုက်သွားဖြစ်မလား၊ သူကပဲ အစ်ကိုတို့ဆီကို ပြန်လာဖြစ်မလားဆိုတာ မသေချာသေးဘူး" လို့ ဆိုပါတယ်။ 

Photo: Alex

အဆိုတော်အဲလက်စ်ဟာ အခုချိန်မှာတော့ ဂီတလောကနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အခုချိန်မှာတော့ သူချစ်ရတဲ့ မိသားစုကို အချိန်ပေးနေတာဖြစ်ပါတယ်။ အဲလက်စ်မှာ သူချစ်ရတဲ့ ဇနီးရယ်၊ သားတစ်ယောက် ၊ သမီးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ သမီးလေး ဒိုရာအဲလက်စ်ကတော့ ဂီတလမ်းကြောင်းပေါ်မှာ တက်သစ်စ အဆိုတော် တစ်ဦးအနေနဲ့ ကိုယ်ပိုင်သီချင်းလေးတွေ ထွက်ရှိထားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က