လေလံတင်တဲ့ ပန်းချီကားတွေကိုလည်း ဝယ်ယူစုဆောင်းနေတာတွေ့ရပါတယ်။

ပရိသတ်အချစ်တော် မအေးသောင်းကတော့ ပန်းချီဆရာကြီး ဦးဝင်းဖေရဲ့ ပန်းချီကားကို ငွေကျပ်(၂၅) သိန်းနဲ့ ဝယ်ယူခဲ့ပြီးနောက် ပန်းချီဆရာ မောင်မိုးသူ(ဘကြီးမိုး) ရဲ့ ပန်းချီကားကိုလည်း ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ 

Photo: Aye Thaung



သရုပ်ဆောင် မအေးသောင်းကတော့ 3 Colour ပန်းချီပြခန်းကနေ နှစ်သက်ရာ ပန်းချီကားချပ်တွေကို ဝယ်ယူရင်း ကုသိုလ် အလှူလေး လုပ်နေတာကိုတွေ့ရပါတယ်။ ပထမဆုံး အနေနဲ့ ပန်းချီဆရာကြီး ဦးဝင်းဖေ ကိုယ်တိုင် ရေးဆွဲထားတဲ့ “ ဖရဲသီးစားကြသူများ” ဆိုတဲ့ ပန်းချီကားကို ငွေကျပ်(၂၅) သိန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီပန်းချီကားနဲ့ ပတ်သက်ပြီး သူမရဲ့ ရင်ထဲမှာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို Duwun ကနေ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။ 

“ ဆရာကြီးရဲ့ ပန်းချီကားကို (၂၅) သိန်းနဲ့ ဝယ်ဖြစ်ခဲ့တာက အစ်မက အလှူလည်း လုပ်ချင်တယ်။ သီတင်းကျွတ်မှာ အလှူတစ်ခုခု လုပ်မယ်လို့ စဉ်းစားလိုက်တဲ့ အချိန်မှာ ပန်းချီဆရာကြီးရဲ့ ပန်းချီကားကို လေလံတင်ထားတာ တွေ့လိုက်တယ်။ ဆရာကြီးရဲ့ “ဖရဲသီးစားသူများ”ဆိုတဲ့ ပန်းချီကားကို အစ်မ တွေ့တွေ့ချင်း ကြိုက်တဲ့ စိတ်လေးဖြစ်မိတယ်။ ဒီပန်းချီကားလေးကို တွေ့ပြီးတဲ့နောက် အစ်မ နေ့တိုင်း စကားပြောနေရင်း ကိုယ့်စိတ်ကူးထဲကနေ ထွက်လာတဲ့အိုင်ဒီယာတွေက တစ်မျိုးဖြစ်တယ်။ အိမ်ရောက်လာတော့လည်း ကိုယ့်မျက်စိထဲမှာ မြင်နေရတာက တစ်မျိုးပေါ့။ အဲဒီပန်းချီကားထဲကိုပဲ စိတ်ရောက်သွားပြီးတော့ ကိုယ့်မျက်စိထဲမှာ အမျိုးစုံ သူ့ကို မြင်နေရတာ။ အနုပညာဆိုတာ ဆရာကြီး ဦးဝင်းဖေ ပြောသလိုပဲ ကျယ်ကျယ်ပြန့်ပြန့်၊ လွတ်လွတ်လပ်လပ် တွေးရမယ်၊ သတ္တိရှိရှိတွေးရမယ်၊ ကိုယ်တွေးချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေ အကုန်လုံးကို အနုပညာသဘော ခံစားလို့ရတယ်” လို့ သူကဆိုပါတယ်။ 

Photo: 3 Colour

အဲ့ဒီနောက်မှာတော့ ပန်းချီဆရာကြီး မောင်မိုးသူ(ဘကြီးမိုး) ကိုယ်တိုင်ရေးဆွဲထားတဲ့ Dancing with Color ပန်းချီကား (၂) ချပ်စလုံးကိုလည်း အေးသောင်းက တစ်ချပ်ကို (၂) သိန်းခွဲ၊ နှစ်ချပ်ပေါင်း (၅) သိန်းနဲ့ လေလံ တင်ထားတာကိုလည်း တွေ့ရပါတယ်။ ဒီ ပန်းချီကားလေးကို အေးသောင်းကိုယ်တိုင်ကလည်း စိတ်ဝင်တစားရှိလွန်းတာကြောင့် ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။ 

“ အစ်မက စဉ်းစားစရာရှိတဲ့ ပန်းချီကားလေးတွေကို ပိုပြီးတော့ သဘောကျတယ်။ တချို့အရာတွေလည်း စဉ်းစားစရာရှိပါတယ်။ အစ်မက ပန်းချီနဲ့ ပတ်သက်ပြီးတအားကြီးနားလည်တဲ့သူတော့ မဟုတ်ပါဘူး ကိုယ့်စိတ်နဲ့ တိုက်ဆိုင်သွားတယ်။ ဘကြီးမိုးရဲ့ ပန်းချီကား(၂) ချပ်ကလည်း “ က” နေတဲ့ ပုံစံလေးတွေ ကိုယ့်မျက်စိထဲမှာ မြင်တယ်။ ဒါကြောင့် ဒီပန်းချီကားလေးတွေကိုလည်း အစ်မက အရမ်းသဘောကျလွန်းလို့ နှစ်ချပ်စလုံးကို လေလံပေးခဲ့တာပါ။ ဒီပန်းချီကားလေးကို အစ်မ ရမရတော့ မသိသေးဘူး” လို့ သူက ပြောပါတယ်။ 

Photo: 3 Colour

စိတ်ဝင်စားဖို့ကောင်းတဲ့ ပန်းချီကားတွေကို ဝယ်ယူနေတဲ့ မအေးသောင်းက အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်းရဲ့ ပန်းချီကားတွေကိုတော့ ပရိသတ်တွေထဲက တစ်ယောက်ယောက်ကို ရစေချင်တယ်လို့ ဆိုပါတယ်။ အစ်မဖြစ်သူရဲ့ ပန်းချီကားလေးတွေကလည်း ကိုယ်ပိုင်အိုင်ဒီယာလေးတွေနဲ့ ပုံဖော်ထားတဲ့ ပန်းချီကားဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

“ မနှင်းသောင်းလည်း ပန်းချီကားလေး အလှူပါထားတယ်။ သူ့ ပန်းချီလေးက စက္ကူပါးလေးကို ဖောက်ပြီးတော့ ပန်းချီဘောင်သွင်းထားတာ။ သူ့ ပန်းချီကားလေးက တော်တော်လေးဆန်းတယ်။ သူကလည်း Creative ဖစ်တာလည်းပါတယ်။ သူ့ပန်းချီကားထဲမှာ အစ်မ သဘောကျတဲ့ ကားလေးကိုတော့ မရောင်းခိုင်းဘူး။ အစ်မဘာသာ ဝယ်ထားတယ်။ ဒီအလှူမှာပါတဲ့ ပန်းချီကားလေးတွေက သူအကြိုက်ဆုံး ပန်းချီကားလေး (၂) ကားပါ။ သူ့ရဲ့ ပန်းချီကိုလည်း စိတ်ဝင်စားတဲ့သူတွေကို ရစေချင်တယ်။ အစ်မကတော့ ကိုယ့်အစ်မရဲ့ ပန်းချီကားဆိုတော့ ကိုယ့်ထက်စာရင် သူများတွေ ရသွားတာမျိုး ဖြစ်စေချင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Aye Thaung

မအေးသောင်းဟာ ကိုဗစ်ကာလမှာဇာတ်ကားရိုက်ကူးရေးတွေ ရပ်နားထားပေမယ့် Social Media ကနေ ပရိသတ်တွေနဲ့ အဆက်မပြတ်စေမယ့် အနုပညာလှုပ်ရှားမှုလေးတွေတော့ အမြဲတမ်းရှိနေတဲ့သူပါ။ သူမဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာအဆက်မပြတ် သရုပ်ဆောင် နေရတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ရွှေချည်လွှာ နဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က