တောင်ဒဂုံ (၆၅) ရပ်ကွက်မှာ အလှူလုပ်ခဲ့တာပါ။

ကိုဗစ်ကာလမှာ မကြာခဏ အလှူအတန်းတွေ လုပ်နေတဲ့ ဆောင်းယွန်းစံကတော့ ဒီနေ့( နိုဝင်ဘာလ ၆ ရက်) မှာ ပြုလုပ်ခဲ့တဲ့ အလှူလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ပီတိလေးကို အခုလို မျှဝေပေးခဲ့ပါတယ်။ 

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ တောင်ဒဂုံမြို့နယ် (၆၅) ရပ်ကွက်မှာ နေထိုင်ကြတဲ့ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ အိမ်ထောင်စု (၈၀) စာအတွက် စားနပ်ရိက္ခာများ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ သူမအနေနဲ့ ကိုဗစ်ကာလမှာ ကိုယ်တိုင် ကိုယ်ကျ အလှူအတန်းတွေ လုပ်ခွင့်ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 



“ ဆောင်း အနေနဲ့ လိုအပ်မှုရှိနေတဲ့ ရပ်ကွက်လေးတစ်ခုခုမှာ အလှူလုပ်ချင်တယ် ဆိုတော့ ကိုJD ကနေတဆင့် သူသိတဲ့ ရပ်ကွက်လေး တစ်ခုရှိတယ်၊ တကယ်လည်း လိုအပ်နေတာ ဆိုတော့ လှူပါလားလို့ ပြောလာတာနဲ့ လှူဖြစ်ခဲ့တာပါ။ ဒီမှာ အိမ်ထောင်စု (၈၀) စာအတွက်ပေါ့နော်။ ဆန်၊ ဆီ၊ ကြက်ဥ နဲ့ တခြား မုန့်တွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ ဆောင်းကလေ တစ်ခါမှ တစ်ယောက်တည်း ဦးဆောင်ပြီးတော့ မလှူဖူးဘူး။ ဒီတစ်ခေါက်ကတော့ ဆောင်းဘာသာ ကိုယ့်ဘာသာကိုယ် ဦးဆောင်ပြီး လှူရတာ ပထမဆုံးအကြိမ်လို့ ထင်တယ်။ ရပ်ကွက်တွေထဲ လိုက်မလှူဖူးတော့ အဆင်ပြေမလားလို့ စိုးရိမ်နေတာ အလှူလေး အောင်မြင်သွားလို့ တော်ပါသေးတယ်” လို့ Duwun ကို ပြောပါတယ်။ 

ဆောင်းယွန်းစံဟာ ကိုဗစ်ကာလမှာ မကြာခဏ ဆိုသလို အလှူအတန်းတွေ ပြုလုပ်လေ့ရှိပါတယ်။ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက်လည်း အလှူအတန်းတွေ လုပ်ခဲ့သလို ကိုဗစ်ကာလမှာ လိုအပ်မှုရှိနေတဲ့ လူနာတင်ယာဉ်လည်း လှူခဲ့တာကို တွေ့ရပါတယ်။ 

ပရဟိတအလုပ်တွေ လုပ်နေရရင် ပျော်တတ်တဲ့ သူမအနေနဲ့ နောက်ထပ်လည်း အလှူအတန်းတွေ လုပ်သွားဦးမယ်လို့ ဆိုပါတယ်။ 

“ ဒီအလှူအတွက် လှူမယ့်ရက် မတိုင်ခင် တုံကင်တို့ဘာတို့ လာပေးရတယ်၊ အဲဒါ မလုပ်ရင် လူတွေကအများကြီး ဝိုင်းလာမှာ အဆင်မပြေဘူးပေါ့။ အခုချိန်က လူစုလူဝေး လုပ်လို့ မရတဲ့ အနေအထားလည်း ဖြစ်နေတော့ တုံကင် လက်မှတ်လေးတွေနဲ့ ပေးရတာပေါ့နော်။ အခု အလှူက အဆင်ပြေသွားပြီဆိုတော့ နောက်တစ်ခါလည်း ရပ်ကွက်တွေ လိုက်လှူဖို့ စီစဉ်ထားပါတယ်” လို့ သူက ဆိုပါတယ်။ 

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က