အခက်အခဲဆုံး ခရီးတစ်ခုပါ။
Sabal Thwin

အလင်းရောင်ဟာ ခရီးသွား အစီအစဉ် တစ်ခုအတွက် သွားရောက်ခဲ့ရတဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့အတွက် အခက်အခဲဖြစ်ခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။  

အလင်းရောင်ကတော့ ခရီးတွေ သွားနေရရင် ပျော်နေတတ်သူတစ်ယောက်ပါ။ သူ့ အနေနဲ့ Tales of Venture ဆိုတဲ့ ခရီးသွား အစီအစဉ်မှာလည်း ပါဝင်ထားသူဖြစ်ပါတယ်။ ဒီ ခရီးစဉ်ကနေ စိတ်လှုပ်ရှားစရာတွေနဲ့ အပင်ပန်းဆုံး ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ Tales of Venture အစီအစဉ်လေးက ကျွန်တော့် ဘဝမှာ လုံးဝ မရိုက်ဖူးခဲ့တဲ့ Reality Show ပါ။ ဒီ ခရီးစဉ်မှာ အခက်အခဲဆုံးက တောမီးတွေ လောင်နေတဲ့ အချိန်မှာလည်း တောထဲကို တောက်လျှောက် ဖြတ်သွားရတယ်။ လွှင့်လာတဲ့ အမှုန်တွေ၊ မီးခိုးတွေကို သေချာ ကာပြီးတော့ သွားရတယ်။ ဆင်းရတဲ့ အချိန်မှာလည်း အခက်အခဲဖြစ်သလို တက်ရတဲ့ အချိန်မှာလည်း အရမ်းအခက်အခဲဖြစ်တယ်။ ဒုဌဝတီမြစ်ကြီးကို တောက်လျှောက် ဖြတ်ပြီး တောင်တွေတက်ရတယ်၊ ရေတံခွန်တွေလည်း ဖြတ်ရတယ်။ လုပ်ရတဲ့ မစ်ရှင်တွေက အရမ်းကြီး မခက်ခဲပေမယ့် ကိုယ့်ဘာသာ လမ်းလျှောက်ပြီး သွားရတဲ့ အရာတွေကတော့ အခက်ခဲဆုံးပါပဲ” လို့ သူကဆိုပါတယ်။ Tales of Venture အစီအစဉ်ကိုတော့ Fortune TV ရုပ်သံလိုင်းကနေ နိုဝင်ဘာလ (၁၀) ရက်နေ့မှာ စတင်ကာ အပတ်စဉ် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့ ည (၈) နာရီ (၄၅) မိနစ် အချိန်တိုင်း ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ 

Photo: A Linn Yaung

အလင်းရောင်ဟာ ပြည်တွင်းခရီးစဉ်တွေသာမက ပြည်ပ ခရီးစဉ်တွေကိုလည်း မကြာခဏ ထွက်လေ့ရှိသူ တစ်ယောက်ပါ။ သူ့ဘဝမှာ ခရီးစဉ်တိုင်းက အမှတ်တရ တစ်ခုစီ ရှိနေတတ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘဝနဲ့ချီပြီး မမေ့နိုင်စရာ အမှတ်တရရှိခဲ့တဲ့ အရာကတော့ အင်ဒိုနီးရှားကို သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ ကျွန်တော် အင်ဒိုနီးရှားသွားတုန်းက (၅) ရက်ကြာတယ်၊ ဟိုတယ်(၄) ခုပြောင်းတယ်၊ ညဆို နေ့တိုင်း သူငယ်ချင်းတွေ အတူတူ ကဲကြတယ်။ (၄) ရက်မြောက်နေ့ကျတော့ တည်းတဲ့ ဟိုတယ်က အရမ်းလှတယ်။ ကျောက်ဆောင်တွေရဲ့ ဘေးမှာ ကပ်ပြီးတော့ ဆောက်ထားတဲ့ ဟိုတယ်ပါ။ အဲဒီကို သွားဖို့ ကိုယ့်အထုတ်ကို ထမ်းပြီးတော့ ဆင်းရတာပါ။ အဲဒီတုန်းကတော့ ဟိုတယ်က ဝန်ထမ်းတွေကို ထမ်းခိုင်းပြီးတော့ သွားတာ။ အပြန်ကျတော့ အထုတ်တွေ သိပ်ပြီး အကူအညီတောင်းဖို့ ကြည့်လိုက်တဲ့ အချိန်မှာ ဝန်ထမ်းတွေ တစ်ယောက်မှ မရှိဘူး။ အဲဒီတော့ ကီလို (၃၀) လောက်ရှိတဲ့ ကိုယ့်အထုတ်ကိုယ် ထမ်းပြီး နာရီဝက်လောက် အပေါ်ကို တက်ခဲ့ရတာ ဘဝမှာ အပင်ပန်းဆုံးနဲ့ မမေ့နိုင်စရာ အမှတ်တရပါ။ ဒါပေမယ့် ကိုယ်က ခရီးသွားရတာကို နှစ်သက်တယ်၊ ကိုယ့်အတွက် အေးချမ်းမယ်လို့ထင်တဲ့ နေရာတွေကို သွားရတာ ကြိုက်တယ်" လို့ ဆိုပါတယ်။ 

 

Photo: A Linn Yaung

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ အခုဆိုရင်တော့ သူက ကိုဗစ်ကာလကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က