ချို့ချို့တဲ့တဲ့နဲ့ဆုံးပါးသွားရရှာတယ်။

အနုပညာလောကထဲမှာ ဘာမှန်းညာမှန်းမသိဘဲ ကြွေလွင့်သွားရတဲ့ အနုပညာရှင်တွေအများကြီးထဲမှာမှ ဦးစိန်သန်းလည်းပါဝင်တယ်လို့ သူက ဆိုပါတယ်။



Photo: Aung Khaing



ဦးအောင်ခိုင်ရဲ့ မြင်ဆရာ တစ်ဦးဖြစ်သူ ဦးစိန်သန်းကတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ မကွယ်လွန်ခင်ကလည်း ကျန်းမာရေး ကောင်းမွန်တဲ့ သူ မဟုတ်ကြောင်း၊ ချို့ချို့တဲ့တဲ့နဲ့ဆုံးပါးသွားရတဲ့ အတွက်လည်း စိတ်မကောင်း အရမ်းဖြစ်မိတယ်လို့ ဦးအောင်ခိုင်က ဆိုပါတယ်။

“ ဦးစိန်သန်းက ဆီးနဲ့ ကျောက်ကပ်၊ အသည်းရောဂါတွေရှိတယ်။ သူ မဆုံးခင်က ဦးအောင်ခိုင်လည်း ကိုနေတိုးလှူတဲ့ အလှူရယ်၊ မိတ်ဆွေတွေလှူတဲ့ အလှူရယ် စုပေါင်းပြီး ဆေးရုံတင်ပေးလိုက်သေးတယ်။ အဲဒီတုန်းကဆို ဗိုက်ကြီးက ဖောင်းနေတာ။ ကိုဗစ်ကာလလည်းဖြစ်နေတော့ ဆေးရုံမှာ အကြာကြီးနေလို့ မရဘူး။ နောက်တစ်ပတ် ဆေးရုံရက်ချိန်းသွားဖို့ကိုတောင် မမှီတော့ဘူး အိမ်မှာပဲ ဆုံးသွားရှာပြီ။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် အစည်းအရုံးက လုပ်တဲ့ သက်ကြီးပူဇော်ပွဲမှာ သူ့အတွက် ခံစားခွင့်လေးတွေရော၊ ကိုလူချော အဖွဲ့က ကူငွေကိုရော ကိုယ်တိုင် အိမ်တိုင်ရာရောက် သွားပို့ပေးခဲ့တယ်။ အနုပညာလောကမှာ ဘာမှန်းမသိ၊ ညာမှန်းမသိ ကြွေလွင့်သွားကြတဲ့ အနုပညာရှင်တွေ အများကြီးထဲမှာ ဦးစိန်သန်းလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ချို့ချို့တဲ့တဲ့ ဆုံးသွားရရှာတယ်။ ကိုယ်တွေလည်း ဘာမှ မတတ်နိုင်ပေမယ့် စိတ်ထဲမှာတော့ မကောင်းဘူးပေါ့နော်”လို့ သူက ဆိုပါတယ်။ 

Photo: Aung Khaing

ဦးအောင်ခိုင်အနေနဲ့ အနုပညာလောကမှာ လူကြမ်းသရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် မြင်ဆရာ(၃) ဦးဆီကနေ ပညာတွေ သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဆရာတွေထဲမှာ ဦးနေဝင်းကတော့ ကွယ်လွန်တာ ကြာခဲ့ပေမယ့် ဦးစိန်သန်းကတော့ လွန်ခဲ့တဲ့ (၃) ရက်လောက်က ကွယ်လွန်သွားခဲ့ပါပြီ။ အသက်ရှင်လျှက်ကျန်ရှိနေတဲ့ မြင်ဆရာတစ်ဦးကတော့ ဦးမြမောင် လို့ သိရပါတယ်။ 

ဒီဆရာ (၃) ဦးဆီကနေ ပညာတွေ လေ့လာခဲ့ရတဲ့ အမှတ်တရကို ဦး အောင်ခိုင်က Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ ဦးအောင်ခိုင်တို့ အနေနဲ့ လူကြမ်းသရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ဆိုတာ အပြောလည်းတတ်ရမယ်၊ အိုက်တင်လည်း တတ်နိုင်သလောက် လုပ်တတ်ရမယ်။ ဖိုက်တင်ဆိုရင်လည်း သူများထိုးရင် ထိုးသလို၊ သူများ ကျရင် ကျသလို လုပ်တတ်ရမယ်။ ဒီတော့ မြင်ဆရာ (၃) ယောက်ထဲမှာ ဦးစိန်သန်းကတော့ ကျန်တဲ့ နှစ်ယောက်ထက်စာရင် ရုပ်ရည်လည်းရှိတဲ့သူဆိုတော့ ကာရိုက်တာလေးတွေနဲ့ ပတ်သက်ရင် သူ့ဆီက ပညာရတယ်။ ဒိုင်ယာလော့ဂျ်တွေ ပြောတဲ့အခါကျရင် လူကြမ်းတစ်ယောက်ပြောတာနဲ့ မင်းသားတစ်ယောက်ပြောတာ တူချင်မှ တူမယ်လေ။ ရိသဲ့သဲ့ပြောတဲ့ ပုံစံတွေကျတော့ ဦးစိန်သန်းဆီက မြင်သင့်သလောက်၊ ရသင့်သလောက်ရတယ်။ ကိုနေဝင်းကျတော့ ပြူးတူးပြဲတဲတွေပေါ့။ ဗြူးဗြဲနဲ့ ခြိမ်းခြောက်တာတွေ သူ ကျွမ်းကျင်တယ်။ အခု ကျန်နေသေးတဲ့ အဖေကြီးမြ (လူကြမ်းသရုပ်ဆောင် ဦးမြမောင်) ကြတော့ ဖိုက်တင်ထိုးတာ သိပ်လှတယ်။ သူထိုးတာထက် သူများကထိုးလို့ ကျသွားတဲ့ အကျတွေ သိပ်ကောင်းတယ်။ ဦးအောင်ခိုင်ကတော့ သူတို့တွေဆီက ထဲထဲဝင်ဝင် မသင်ရပေမယ့်လို့ ပညာတွေ ရသင့်သလောက်တော့ ရခဲ့တာပေါ့နော်” လို့ ဆိုပါတယ်။ 

Photo: Aung Khaing

ဦးအောင်ခိုင်(Aung Khine)ဟာ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်ကနေ အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့တဲ့ သူ့အနေနဲ့ အခုဆိုရင် အနုပညာသက်တမ်း (၄၁) နှစ်ရှိပါပြီ။ သူဟာ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဇာတ်ပို့သရုပ်ဆောင် ဝါဝါအောင်နဲ့ အတူ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရှင် ဘဝလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က