အပြင်မှာ ဈေးရောင်းတာကို ပိုသဘောကျတယ်။

အေးမြတ်သူဟာ ကိုဗစ်ကာလမှာ Live လွှင့်ပြီးဈေးရောင်းလို့ ရလာတဲ့ အနုပညာကြေးတွေနဲ့ အလှူအတန်းတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Amazing Grace



သရုပ်ဆောင် အေးမြတ်သူကတော့ ပရဟိတနဲ့ ပတ်သက်လာရင် လုပ်အား နဲ့ဖြစ်စေ၊ ငွေကြေး လှူဒါန်းတာမျိုးဖြစ်စေ လက်မနှေးတတ်သူဖြစ်ပါတယ်။ အခုလည်း ကိုဗစ်ကာလမှာ သူ့ရဲ့ ကိုယ်ပိုင် ကြိုးစား အားထုတ်မှုတွေနဲ့ အွန်လိုင်းပေါ်ကနေ Live လွှင့် ဈေးရောင်းလို့ ရလာတဲ့ အနုပညာကြေးတွေထဲက အလှူအတန်းတွေ လုပ်နေတယ်လို့ Duwun ကို ပြောပါတယ်။ 

“ အေးမြတ်သူကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် ကိုယ်လုပ်နိုင်တဲ့ အရာတစ်ခုကို လုပ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်။ အလှူငွေအား ဒါနနဲ့ဖြစ်စေ၊ လုပ်အား ဒါနနဲ့ဖြစ်စေ ကိုယ်လုပ်နိုင်တဲ့ အရာလေးကို လုပ်သွားမယ်။ အားလုံးက အခက်အခဲဖြစ်နေကြတဲ့ အချိန်မှာ ကိုယ်လည်း အခက်အခဲကတော့ ရှိတယ်။ Live လွှင့်ပြီးတော့ ဈေးရောင်းတယ်။ အဲဒီကနေမှ တဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ရလာတဲ့ အနုပညာကြေးတွေနဲ့ အခုချိန်မှာ အလှူအတန်းတွေ ပြန်လုပ်ခွင့်ရတဲ့ အတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Amazing Grace

အေးမြတ်သူ အနေနဲ့ ဈေးရောင်းရင်းရလာတဲ့ အနုပညာကြေးထဲကနေ (၄၃) ကြိမ်မြောက်ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ သက်ကြီးဘိုးဘွားတွေအတွက် ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလအတွင်း လိုအပ်မှုရှိနေတဲ့ အောက်ဆီဂျင်အသက်ရှုစက် (၈) လုံးကိုလည်း ဆေးရုံ(၄) ရုံမှာ လှူဒါန်းခဲ့ပါသေးတယ်။  

အေးမြတ်သူဟာ အွန်လိုင်းပေါ်ကနေ တန်ဖိုးကြီးပစ္စည်းတွေကို ဈေးရောင်းရတဲ့ အခါမှာ စိတ်ဖိစီးမှုရှိတယ်လို့ပြောပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ ကူညီအားပေးမှုတွေကြောင့် အကောင်းဆုံး ကြိုးစားနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ 

“ ကိုယ်လုပ်နိုင်တယ်ဆိုပေမယ့်လည်း ပိုပြီးတော့ လုပ်နိုင်အောင် ကြိုးစားရတာပေါ့နော်။ ဒါပေမယ့်လည်း ငါ ရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားတယ်။ တန်ဖိုးကြီးပစ္စည်းတွေကို Live လွှင့်ပြီးရောင်းရလေ ကိုယ့်အတွက် စိတ်ဖိစီးမှုက များလေပါပဲ။ ဒါပေမယ့် ကိုယ့်ကို ပရိသတ်တွေက ကူရောင်းပေးကြတယ်၊ share ပးကြတယ်ဆိုတဲ့ ခွန်အားနဲ့ အားတင်းပြီး ရောင်းခဲ့တာတွေ အများကြီးပါပဲ။ အေးမြတ်သူကတော့ အပြင်မှာ ဈေးရောင်းရတာကို ပိုသဘောကျတယ်” လို့ ဆိုပါတယ်။ 

Photo: Amazing Grace

အေးမြတ်သူက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က