ကျန်းမာရေးဝန်ကြီးဌာနကို ပြန်တင်ရဦးမယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အနေနဲ့ စားဝတ်နေရေး အကြပ်အတည်း ကြုံတွေ့နေရတဲ့ အနုပညာလောကသားတွေအတွက် အလုပ်တွေ ပြန်လည် လုပ်ဆောင်ခွင့်ရဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

Photo: MMPO



မြန်မာနိုင်ငံရဲ့ ကိုဗစ်ဒုတိယလှိုင်း အခြေအနေကြောင့် ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲနဲ့ Music Video ရိုက်ကူးရေးတွေ ရပ်နားထားတာတွေ့ရပါတယ်။ အခုလို အနုပညာလုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန်မှာ စားဝတ်နေရေးကြပ်တည်းမှု ကြုံတွေ့နေရတဲ့ အနုပညာလောကသားတွေ အတွက် ရိုက်ကူးရေးလုပ်ငန်းစဉ်များ ပြန်လည် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ခွင့်ပြုချက်တောင်းခံစားကို ပြန်ကြားရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်မှ ဒီနေ့ နေ့စွဲနဲ့ ပေးပို့ထားပြီလို့ သိရပါတယ်။ 

“ ဒုတိယ ကိုဗစ်ဖြစ်ကတည်းက အလုပ်တွေက ရပ်ထားတာ၊ အဲဒီမှာ အနုပညာလောကသား တချို့တွေလည်း စီးပွားရေးတွေက အဆင်မပြေ ဆိုတော့ အခုချိန်မှာ ပြန်ကြားရေးကလည်း ဇာတ်ကားတွေ ပြန်ရိုက်ဖို့ ခွင့်လည်း မပြုသေးတော့ စာပြန်တင်တာပါ။ အခုလည်း သူတို့ကနေတဆင့် ကျန်းမာရေး ဝန်ကြီးဌာနကို ပြန်တင်ရဦးမယ်။ အခုချိန်မှာ တချို့ဆို လူ (၅၀)၊ (၆၀) တင်မကဘူး ထောင်ဂဏန်းရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေတောင် ဖွင့်သေးတာဆိုတော့ ဒါလေးကိုလည်း ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့စာပါ” လို့ မြန်မာနိူင်ငံ အစည်းအရုံး ဒုတိယဥက္ကဌ ဦးအေးကြူလေးကDuwun ကို ပြောပါတယ်။ 

၂၀၂၀ခုနှစ် ဇူလိုင်လတုန်းက အနုပညာလောကသားတွေ ရိုက်ကူးရေး ပြန်လုပ်နိုင်ဖို့ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ရိုက်ကူးဖို့ ခွင့်ပြုချက်ရခဲ့ပေမယ့် သြဂုတ်လမှာ ကိုဗစ်ဒုတိယလှိုင်း ပြန်လည်ဖြစ်ပေါ်လာတာကြောင့် ရိုက်ကူးရေးတွေ နောက်တစ်ကြိမ် ပြန်လည် ရပ်နားခဲ့ရပါသေးတယ်။ 

Photo: MMPO

အခုလို ခွင့်ပြုချက်စာ တောင်းခံလိုက်ရခြင်းဟာ အလုပ်တွေ ရပ်နားနေရပြီး စားဝတ်နေရေး ကြပ်တည်းနေတဲ့ အနုပညာလောကသားတွေ ကို အလုပ်တွေ အမြန်ဆုံး ပြန်လုပ်ခွင့်ရစေချင်တယ်လို့ ဦးအေးကြူလေးက ပြောပါတယ်။

“ ရုပ်ရှင်အစည်းအရုံးကို မကြာခဏဆိုသလို အခက်အခဲဖြစ်တော့ လာပြောကြတာတွေရှိတယ်။ ကားရိုက်လို့ မရသေးဘူးလား၊ ဖုန်းဆက်ပြီး ပြောတာတွေလည်းရှိတယ်။ ရုပ်ရှင်အစည်းအရုံးကရော ဘာမှ မလုပ်ပေးနိုင်ဘူးလား ဆိုပြီးတော့ ပြောကြတယ်။ ဟုတ်တော့လည်း ဟုတ်တယ် အလုပ်မှမရှိကြတာကိုး။ ကျန်တဲ့ သူတွေအလုပ်လုပ်လို့ရှိရင် ဒါက အခွင့်အလမ်းလေးနည်းနည်းရပြီး ဝင်ငွေလေးရှိလို့ရှိရင် လောကသားတချို့ ချောင်လည်တာပေါ့။ အကုန်လုံး မရိုက်ရရင်တောင် ရိုက်ရတဲ့လူလောက် အခွင့်အလမ်းလေးရသွားလည်း မဆိုးဘူး ဒီသဘောပါ။ ဒါလေးတင်လိုက်လို့ လောကသားတွေလည်း အသက်ရှုချောင်လာမလား ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် တင်ဖြစ်သွားတာပါ” လို့ ဆိုပါတယ်။ 

Photo: MMPO

အဲဒီနောက် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးခွင့်ရဖို့ ဆောင်ရွက်နေပေမယ့်လည်း ရုပ်ရှင်ရုံတွေ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ကိုတော့ စဉ်းစားနေရတုန်းပဲလို့ ဦးအေးကြူလေးက ဆက်လက်ပြောပြခဲ့ပါတယ်။ 

“ ရုပ်ရှင်ရုံတွေ ကိစ္စကတော့ ဘယ်လိုမှ မတတ်နိုင်ဘူး သူတို့ကလည်း စည်းမျဉ်းနဲ့ ကိုက်ညီအောင် လုပ်နေကြတာပါပဲ။ အခုချိန် ရိုက်တယ်၊ ရုပ်ရှင်ပြတယ် ဆိုရင် လာကြည့်ကြပါ့မလားလည်း စိုးရိမ်ရတယ်။ အထဲက ခုံတွေကလည်း ခြဲ ထိုင်ကြရမှာ။ အရင်ကဆို တစ်ကားကို သိန်း(၄၀၀) ၊ (၅၀၀) ရလည်း အခုချိန်မှာ သိန်း(၁၀၀) ၊ (၂၀၀)လောက်တောင်ရပါ့မလားဆိုပြီးတော့ ရုံရှင်တွေကလည်း တွက်ကြမှာပေါ့။ ထုတ်လုပ်သူရော၊ ရုံရှင်ရော ငွေကြေးထိခိုက်မှာဆိုတော့ သူတို့လည်း စဉ်းစားကြရမှာပါ” လို့ သူကဆိုပါတယ်။ 

Photo: MMPO

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အနေနဲ့ ကိုဗစ်ကာလမှာ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရတဲ့ အနုပညာလောကသားတိုင်းကို မကြာခဏ ဆိုသလို စားနပ်ရိက္ခာများဝေမျှခြင်း၊ ကျန်းမာရေး ထောက်ပံ့ငွေများ ပေးအပ်ခြင်းတွေကို လုပ်ဆောင်လျှက်ရှိပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့်လည်း ရုပ်ရှင်သက်ကြီးပူဇော်ပွဲ၊ အနုပညာလောကသားတွေရဲ့ သားသမီးတွေထဲက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေအတွက် ဆုချီးမြှင့်ပွဲကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင်သာ အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့တာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က