လက်ရှိအခြေအနေကို ဇနီးဖြစ်သူက ပြောပြခဲ့ပါတယ်။

ဗေလုဝကတော့ နိုဝင်ဘာလ (၁၇) ရက်နေ့တုန်းက ရုတ်တရက်ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး လက်ရှိ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ဇနီးဖြစ်သူက ပြောခဲ့ပါတယ်။ 

Photo: Bay Bay



ဗေလုဝကတော့ ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူပြီးတဲ့နောက် နိုဝင်ဘာလ ၂၁ ရက်နေ့ဆိုရင် ဆေးရုံဆင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။သူ့ရဲ့လက်ရှိ ကျန်းမာရေး အခြေအနေကိုတော့ သူ့ရဲ့ ဇနီးဖြစ်သူက Duwun ကို ပြောပြခဲ့ပါတယ်။ 

“ ဦးဗေရဲ့ ကျန်းမာရေးအခြေအနေကတော့ အခုကောင်းလာပြီ။ မနက်ဖြန်ဆို ဆေးရုံကနေ ဆင်းရတော့မယ်။ အခု စကားတွေလည်း အကုန်ပြောနိုင်တယ်။ စကားကတော့ ဆေးရုံစတတ်ကတည်းက ပြောနိုင်တာပါ။ အဓိက က သူတက်သွားတော့ အန်တီတို့က စိုးရိမ်ပြီး ဆေးရုံလာခဲ့ကြတာ။ ပြီးတော့ ခေါင်းကို CPU ရိုက်ပြီး သေချာစစ်ဆေးရတာပေါ့။ အခုတော့ ပြန်သက်သာလာပြီဆိုတော့ အန်တီလည်း အတိုင်းမသိ ဝမ်းသာနေမိတယ်” လို့သူကဆိုပါတယ်။ 

Photo: Bay Bay

ဗေလုဝဟာ နိုဝင်ဘာလ (၁၇) ရက်နေ့ မနက် (၃) နာရီတုန်းက ရုတ်တရက် တက်သလို ဖြစ်ခဲ့တာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပြီး ပင်လုံဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဆေးရုံ ရုတ်တရက် တင်လိုက်ရတဲ့ ဗေလုဝရဲ့ ကျန်းမာရေးသတင်းတွေကြောင့် ပရိသတ်တွေကလည်း စိုးရိမ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း ကျန်းမာရေးအခြေအနေ တဖြေးဖြေးနဲ့ ပြန်လည်တိုးတက်လာခဲ့ပြီး အခုဆိုရင် စကား ပြောနိုင်၊လမ်းလျှောက်နိုင်တဲ့အခြေအနေရောက်နေပြီလည်း ဖြစ်ပါတယ်။ 

Photo: Bay Bay

"ဘီလူး" ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ဗေလုဝဟာ အခုဆိုရင် အနုပညာသက်တမ်းနှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ သူဟာ "ဤအရာကို အချစ်လို့ခေါ်သလား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က