တကယ်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။
Ei Ei Myat

သရုပ်ဆောင် နန်းဆုရတီစိုးကတော့ အမေတွေ တကယ်လိုအပ်နေတဲ့အချိန်မှာ အခုလို မျိုး လှူဒါန်းခွင့်ရလို့ အရမ်းကိုပီတိ ဖြစ်မိတယ်လို့ ဆိုပါတယ်။

နန်းဆုရတီစိုးက ဒီနေ့မှာ ကိုဗစ်ကာလအတွင်း အခက်အခဲဖြစ်နေတဲ့ ရုပ်ရှင်သက်ကြီးရွယ်အို အနုပညာရှင်တွေဖွဲ့စည်းထားတဲ့ အမေများအဖွဲ့အတွက် လိုအပ်တာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အမေများအဖွဲ့ရဲ့ထာဝရ ပဒေသာပင်အတွက် သိန်း(၂၀)နဲ့ ဆန်၊ဆီ၊ဆားများ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခုလို မျိုး ကိုဗစ်ကာလမှာ တကယ်လိုအပ်နေတဲ့အမေများအဖွဲ့အတွက် လှူဒါန်းခွင့်ရတဲ့အပေါ် နန်းဆုအနေနဲ့အရမ်းကို ဝမ်းသာပီတိဖြစ်မိတယ်လို့ ဒီနေ့အလှူမှာမီဒီယာတွေကို ပြောခဲ့ပါတယ်။

“ဒီနေ့အလှူအတွက် အရမ်းကို ပီတိဖြစ်မိပါတယ်။ အမေများအဖွဲ့ကို လှူတာ သက်ကြီးရွယ်ကြီး ပုဂ္ဂိုလ်တွေကို လှူရတာ အလှူဆိုတာထက် နန်းဆုအတွက် ဂါဝရ ပြုတာဖြစ်တယ်. သီတင်းကျွတ်ကာလတုန်းကလည်း သေသေချာချာလေး ဂါရဝပြုတာ အလှူလုပ်တာတို့ ကိုဗစ်ကာလဆိုတော့မလုပ်ဖြစ်တာ ဒီနေ့မှာ အမေတွေကို ဂါရဝလည်း ပြုခွင့်ရတယ် အလှူလည်း လုပ်ခွင့်ရတော့အရမ်းကို ပီတိဖြစ်ရတယ်။ အခုလို တကယ်လိုအပ်နေတဲ့အချိန်မှာ လှူခွင့်ရတဲ့အတွက် နန်းဆုအရမ်းကို ပီတိဖြစ်ရပါတယ်။ပြီးတော့လည်း ထာဝရ ပဒေသာပင်မှာလည်း လှူဒါန်းခဲ့တယ်။ ထာဝရပဒေသာပင်က အခုလက်ရှိအမေတွေ အပြင် နောင်လာမယ့်အမေတွေအတွက်ရော ဆိုတော့ နန်းဆုအတွက် ရာသက်ပန်အလှူလေးလည်းဖြစ်တာကြောင့် နန်းဆုလှူခဲ့တယ်” ဆိုပြီး ဒီနေ့အလှူလေးပေါ် သူမရဲ့ ဝမ်းသာပီတိစကားလေးကို ဝေမျှပေးခဲ့ပါတယ်။

နန်းဆုရဲ့အလှူနဲ့ပတ်သက်ပြီး အမေများအဖွဲ့ဝင် ရုပ်ရှင်သက်ကြီး အနုပညာရှင်တွေအနေနဲ့ အရမ်းကို ဝမ်းသာပီတိဖြစ်လို့ နေကြသလို အမေများအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အမေနွဲ့နွဲ့စန်းကလည်း ဒီနေ့အလှူလေးအပေါ်  သူ့ရဲ့ ဝမ်းသာပီတိ စကားသံလေးကို အခုလို ပြောပြခဲ့ပါသေးတယ်။

“အမေကတော့ အရမ်းကို ကြည်နူးတာပေ့ါအမေတို့မှာတကယ်လိုအပ်တဲ့အချိန် တကယ်လိုအပ်တဲ့အခါမှာ လှူတော့ အမေတို့မှာ ပြည့်စုံသွားပြီး အားတွေရှိသလို ခံစားလိုက်ရတယ်။ အဲ့ဒါကြောင့် သမီးနန်းဆုကိုလည်း ကျေးဇူးတင်တယ်လို့ပြောတာပေ့ါ။ အမေတို့အဖွဲ့ကို ရုပ်ရှင်လောကသားတွေကလည်းသူတို့တတ်နိုင်သလောက်လေး တွေ လာလှူကြပါတယ်။ အဲ့ဒီလို လှူနေလို့ပေါ့ မလှူရင် အမေတို့ ဘာစားမလဲ အမေတို့ ရိုက်တာမှနေ့စားလေး ရိုက်ရတာ အခုကျတော့ဘာမှမရှိတော့ အခုလို လှူလို့သာ အမေတို့စားနိုင်တာပေ့ါ။ အဲ့ဒါကြောင့် အမေတို့ဘဝမှာ လိုအပ်တဲ့အချိန်ဆိုပြီးပြောတာပေ့ါ” လို့ အမေနွဲ့နွဲ့စန်းက အခုလက်ရှိခံစားနေရတဲ့ခံစားချက်လေးကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

နန်းဆုရတီစိုးရဲ့ ဒီနေ့အလှူလေးကတော့ အမေများအဖွဲ့အတွက် ဝမ်းသာပီတိဖြစ်ရသလို သူမအတွက်လည်း ပြောမပြနိုင်လောက်တဲ့ ကုသိုလ်တွေနဲ့ အလှူပီတိလေးတွေ ရရှိပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။နန်းဆုကတော့ ကိုဗစ်ကာလအတွင်း မှာ အိမ်ထဲမှာဘဲ နေဖြစ်နေပြီး သူမဝါသနာပါတဲ့ ဟင်းချက်တဲ့အလုပ်တွေ ပိုပြီး လုပ်ဖြစ်နေတယ်လို့  ဆိုပါတယ်။ ကိုဗစ်ကာလပြီးတဲ့နောက်မှာလည်း သီချင်းသစ်လေးတွေ ထွက်နိုင်အောင် ပြင်ဆင်နေတာလေးတွေ ရှိတယ်လို့ သူမက သတင်းစကားပါးခဲ့ပါသေးတယ်။

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ နန်းဆုရဲ့ အနုပညာအလုပ်တွေတိုင်းကို အမြဲ အားပေးနေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုရတီစိုးဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


Author


က္က