အသက်(၁၁) နှစ်ကတည်းက ကြမ်းတိုက်တယ်၊ အဝတ်လျှော်တယ်။

ပန်းရောင်ခြယ်ကတော့ ဒီအရွယ်မှာ အိမ်မှုကိစ္စတွေ နိုင်နင်းဖို့အတွက် မိခင်ဖြစ်သူက ငယ်ငယ်ကတည်းက သင်ပေးခဲ့တဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။ 

Photo: Pann Yaung Chel



ပန်းရောင်ခြယ်ကတော့ ငယ်စဉ်က သြစတြေးလျနိုင်ငံမှာ ကြီးပြင်းခဲ့တာဖြစ်ပြီး ကိုယ်ထူကိုယ်ထ စနစ်ကို ကျင့်သုံးရတာဖြစ်တဲ့အတွက် မိခင်ဖြစ်သူနဲ့အတူ အိမ်အလုပ်တွေကို ငယ်ငယ်ကတည်းက လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

“ပန်းရောင်က ၁၀ နှစ်ခွဲအရွယ်၊ ညီမလေးက (၅) နှစ်အရွယ်လောက်မှာ သြစတြေးလျကို ပြောင်းသွားတဲ့ အခါကျတော့ အဲဒီမှာ အကုန်လုံးက ကိုယ်ထူကိုယ်ထ လုပ်ရတဲ့အခါကျတော့ မေမေကပဲ မေမေ့ရဲ့ အချိန်တွေကို ပန်းရောင်တို့အတွက် (၂၄) နာရီပေးထားတာ၊ ပန်းရောင်တို့က မေမေ့အတွက် (၂) နာရီလောက်အချိန်ပြန်ပေးဆိုတော့ ပန်းရောင်တို့ ကျောင်းက ပြန်လာတာနဲ့ လွယ်အိတ်ချပြီး မေမေ့ကို ဝိုင်းကူတယ်၊ အသက်(၁၁) နှစ်အရွယ်ကတည်းက ကြမ်းတိုက်တယ်၊ အသား၊ ငါးလှီးတယ်၊ မီးပူတိုက်တာ၊ အဝတ်လျှော်တာတွေ လုပ်ခဲ့တယ်။ ငယ်ငယ်ကတည်းကလည်း ကိုယ့်တာဝန် ကိုယ်ယူတတ်အောင် မေမေက သင်ပေးတယ်” ဆိုပြီးတော့ Duwun ကို ပြောပြခဲ့ပါတယ်။ 

Photo: Pann Yaung Chel

အခုချိန်ထိလည်း ပန်းရောင်ခြယ်က သူတို့ မိသားစုအတွက် အိမ်အကူမထားသေးဘူးလို့ သိရပါတယ်။ အိမ်မှုကိစ္စ အဝဝကိုလည်း မိသားစု အတူတူ တက်ညီလက်ညီ လုပ်လေ့ရှိတယ်လို့လည်း သူက ပြောပါတယ်။ 

“ Stay Home ကာလမှာ မိသားစုပဲနေဖြစ်တဲ့အခါကျတော့ အိမ်အလုပ်တွေကို မိသားစု အတူတူဝိုင်း လုပ်ကြတယ်။ ပန်းရောင်က မနက်မိုးလင်းပြီဆိုတာနဲ့ အိမ်မှာ မိသားစုအတွက် ထမင်းအိုးတည် တယ်။ ပြီးတော့ ခွေးလေးတွေလည်းရှိတော့ ခွေးလေးတွေအတွက်လည်း ထမင်းအိုးတည်ပေးဖြစ်တယ်၊ အဝတ်လျှော်တယ်၊ မီးပူတိုက်တယ်၊ ဖေဖေ၊ မေမေ နဲ့ ညီမလေးတို့ နိုးလာရင်စားဖို့ ထမင်းကြော်ပေးတာမျိုးတွေရှိတယ်။ နေ့လယ်ဆိုလည်း ဧည့်ခန်း၊ မီးဖိုခန်း သန့်ရှင်းရေး လုပ်ဖြစ်တာများတယ်။ တစ်နေ့ တစ်နေ့ အိမ်သန့်ရှင်းလေးလုပ်ရင်းနဲ့ အချိန်ကုန်တာ များပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

Photo: Pann Yaung Chel

ပန်းရောင်ခြယ်ကတော့ Stay Home ကာလမှာ သူမ ဝါသနာပါရာ ပန်းချီဆွဲတာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာလေးတွေ လုပ်ဖြစ်သေးတယ်လို့ ဆိုပါတယ်။ သူမကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး Wake Up Daddy ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။ အဲဒီနောက် အတွဲသီချင်းလေးတွေမှာလည်း ပါဝင်သီဆိုလာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က