သူက အရမ်းကြိုးစားတယ်။

နို့ဘီလူး ရုပ်ရှင်ကားကြီးနဲ့ ပြည်ပနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ရခဲ့တဲ့ တပည့်ဖြစ်တဲ့ ရွှေမှုံရတီအတွက် လူမင်းကတော့ ပီတိဖြစ်လို့နေပါတယ်။

Photo: Amazing Grace



သရုပ်ဆောင် လူမင်းရိုက်ကူးတဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကတော့ Druk International film festival (DIFF) ရုပ်ရှင်ဆုပေးပွဲ၊ Calcutta International Cult Film Festival ရုပ်ရှင် ပွဲတော်၊ Calcutta International Cult Film Festival ရုပ်ရှင်ပွဲတော်တွေမှာ ဆုအသီးသီး ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ 

ဒီအထဲမှာမှ ရွှေမှုံရတီကတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် လူမင်းကလည်း ဒါရိုက်တာဆုနဲ့ သရုပ်ဆောင် ဆုတွေ ရရှိခဲ့ပါတယ်။ ဒါကြောင့် နို့ဘီလူး ရုပ်ရှင်ကားကြီးနဲ့ ရွှေမှုံရတီ ဆုရသွားတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး လူမင်းက Duwun ကနေ ချီးကျူးစကားဆိုလာပါတယ်။ 

“ နို့ဘီလူး ဇာတ်ကားထဲမှာ ရွှေမှုံ့အတွက် အခန်းကတော့ နည်းတယ်။ သူ ခက်ခက်ခဲခဲ ပီပီပြင်ပြင် သရုပ်ဆောင်ရတဲ့ အခန်းကတော့ နောက်ဆုံးအခန်း ကလေးမွေးတဲ့ အခန်းပေါ့လေ။ ကလေးက အသေလေး မွေးလာတယ်၊ အဲဒီမှာ သွေးနု သားနုနဲ့ ဆိုတော့ သတိလစ်သွားတယ်၊ ပြီးတော့ သူ အတိတ်မေ့နေခဲ့တဲ့ ဟာတွေကိုပါ ပြန်သတိရလာတဲ့အပြင် ဒါတွေက အိပ်မက်ဆိုးကြီး တစ်ခုကို ပြန်အမှတ်ရနေသလို ဖြစ်တော့ သွေးနု သားနု နဲ့ မီးတွင်းထဲမှာ ခံစားရတဲ့ ခံစားချက်တွေက အသက်ပါ ထွက်သွားရလောက်တဲ့ အထိ ခံစားရတဲ့ ဇာတ်ဝင်ခန်းပေါ့။ ဒီ ဇာတ်ဝင်ခန်းကြောင့် သူ ဆုရတယ်လို့ ယူဆပါတယ်” လို့ ဆိုပါတယ်။ 

Photo: Lu Min

လူမင်းဟာ ရွှေမှုံရတီ နဲ့ အတူ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားပါသေးတယ်။ ရွှေမှုံရတီ တစ်ယောက် အနုပညာလောကထဲကို စတင်ရောက်ရှိခဲ့စဉ်ကတည်းက ဆရာတပည့် အဖြစ် အနုပညာနဲ့ ပတ်သက်တာတွေ သင်ပေးခဲ့တဲ့ ဆရာတွေထဲမှာ လူမင်းလည်း တစ်ယောက် အပါအဝင်ပါ။ ပြည်ပနိုင်ငံတွေက ချီးမြှင့်တဲ့ ဆုတွေကို ဆရာတပည့် အတူတူ ဆွတ်ခူးနိုင်ခဲ့တဲ့ အပေါ်မှာလည်း လူမင်းက သူ့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။ 

“ သူကတော့ တပည့်တွေထဲမှာ ကြိုးလည်း ကြိုးစားတယ်၊ ချွန်လည်း ချွန်တယ်၊ ဆုံလည်း ဆုံတယ်၊ ပါရမီလည်း ပါတယ်၊ ခိုင်းရင်လည်း ခိုင်းသလို လုပ်တဲ့သူထဲမှာ ပါတယ်။ ပြီးတော့ ကိုယ့်သမီးတစ်ယောက်လိုလည်း ဖြစ်နေတာ ဆိုတော့ သူ့အတွက် ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။ 

Photo: Amazing Grace

ရွှေမှုံရတီဟာ လက်ရှိ သရုပ်ဆောင် လောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ ကာရိုက်တာတိုင်းကိုလည်း ပီပီပြင်ပြင် သရုပ်ဆောင် တတ်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့သူတစ်ယောက်ပါ။

ဒါ့အပြင် နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုက်ကူးထားတဲ့ ဒါရိုက်တာ လူမင်းကလည်း ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိထားသူပါ။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က