Single Mother ဖြစ်တဲ့ မေမေလည်း ပင်ပန်းနေပါပြီ။

ထင်သစ္စာကတော့ Single Mother တစ်ယောက်အနေနဲ့ ဘဝဖြတ်သန်းခဲ့ရတဲ့ မိခင်ဖြစ်သူအတွက် သူမ ရင်ထဲက စကားလေးတွေကို ပြောပြလာပါတယ်။ 

Photo: Htin Thit Sar



ထင်သစ္စာဟာ သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ဖြစ်ပြီး သရုပ်ဆောင် ဘုန်းမင်းနေလရဲ့ ညီမငယ်လေးပါ။ သူတို့ မောင်နှမ နှစ်ယောက်ဟာ လက်ရှိမှာတော့ မိခင်ဖြစ်သူနဲ့ အတူတူ နေထိုင်လျှက်ရှိပါတယ်။ ထင်သစ္စာက သူမငယ်စဉ်ကတည်းက အိမ်ထောင်ကွဲ ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ စိတ်နေ စိတ်ထားတွေကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ အမေက Single Mother ဘဝနဲ့ အခုကတည်းက ပင်ပန်းနေပြီလေ။ ညီမက မလိမ္မာဘူး၊ မရင့်ကျက်ဘူးဆိုရင် မေမေက ပိုပင်ပန်းလိမ့်မယ်၊ ဒါကြောင့် အခုကတည်းက ပိုရင့်ကျက်အောင် လေ့ကျင့်ထားရပါတယ်။ ဒါပေမယ့် မေမေက Strong ဖြစ်သင့်တာထက်ကို ပိုပြီးတော့ Strong ဖြစ်တယ်၊ တော်ရုံတန်ရုံ စိတ်ညစ်စရာဆိုရင် သူက ခေါင်းထဲမှာ မထည့်တော့ဘူး မိန်းမဆိုပေမယ့် ယောက်ျားတစ်ယောက်လိုပဲ။ ငယ်ငယ်တုန်းကတော့ မေမေပြောတာပဲ နားထောင်ခဲ့ရတာ အခုချိန်မှာ မေမေ့ကို နှစ်သိမ့်ပေးနိုင်ပြီ။ တစ်ခါတလေ စဉ်းစားမိတယ်၊ မေမေ့နေရာ ရောက်ရင် မေမေ့လို ဖြစ်နိုင်အောင် ကြိုးစားမယ်၊ မေမေ့ကိုလည်း အရမ်းလေးစားမိတယ်” လို့ ဆိုပါတယ်။ 

Photo: Aroma

လက်ရှိမှာတော့ ထင်သစ္စာဟာ ဖခင်ဖြစ်သူနဲ့လည်း အဆက်အသွယ် အမြဲတမ်းရှိတယ်လို့ ဆိုပါတယ်။ သူမ ငယ်စဉ်ကတည်းက ဖခင်နဲ့ အတူတူ နေခဲ့ရတာ မဟုတ်ဘူးလို့လည်း ပြောပြလာပါသေးတယ်။ 

“ဖေဖေ နဲ့ကတော့ Video Call ပြောဖြစ်တယ်၊ ဖုန်းအမြဲတမ်းပြောဖြစ်တယ်။ အပြင်မှာ မတွေ့ဖြစ်တာတော့ တော်တော်ကြာပါပြီ။ ထင်က ကိုကြီးလို မဟုတ်ဘူး။ ကိုကြီး ၄ နှစ်၊ ၅ နှစ်လောက်မှာ ဖေဖေ နဲ့ မေမေ နဲ့ ကွဲသွားတာ သူက နည်းနည်းသိတတ်နေပြီပေါ့။ ပြီးတော့ ထင့်ကို မွေးပြီး သိပ်မကြာတဲ့ အချိန်မှာ ကွဲသွားတာဆိုတော့ ထင်က မေမေ နဲ့ နေတာများတယ်။ မိသားစု စုံစုံလင်လင် နဲ့တော့ နေချင်တာပေါ့နော် ဒါပေမယ့် အမေ တစ်ယောက်တည်းနဲ့ နေရင်ကို တော်တော် ပြည့်စုံနေပါပြီ” လို့ သူက ဆိုပါတယ်။ 

Photo: RBV

ထင်သစ္စာကတော့ အနုပညာနဲ့ ပတ်သက်လာရင် မိခင်ခြေရာကို နင်းမယ့် သမီးလေးလို့ ဆိုရမှာပါ။ အခုချိန်ကတည်းက သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိလို့နေပါပြီ။ လက်ရှိမှာတော့ ထင်သစ္စာဟာ သူတစ်ယောက်တည်းဖြစ်စေ၊ မိခင်နဲ့အတူဖြစ်စေ ကြော်ငြာလေးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က