ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတာပါ။

ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ အမြဲတမ်းပျော်ရွှင်မှုတွေ ပေးတတ်တဲ့ လူရွှင်တော်ကြီး ဧရာကတော့ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ 

Photo: လူရွှင်တော် ဧရာ



ဟာသလူရွှင်တော်ကြီး ဧရာကတော့ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်း ဟာသလူရွှင်တော် အောင်သော်က Duwun ကို အတည်ပြု ပြောပြခဲ့ပါတယ်။ 

“ ဦးဧရာ ကိုဗစ် ကူးစက်ခံရတယ်ဆိုတာ တကယ်ပါ။ အခုက ရန်ကုန်ဆေးရုံကြီးမှာပဲ ဆေးကုသမှု ခံယူနေပါတယ်။ တကယ်တော့ မနေ့ညကတည်းက ဦးဧရာက ဆေးရုံတင်ထားပြီး ဆေးစစ်လိုက်တာပါ။ အဖြေကတော့ ဒီနေ့မှ သိလိုက်ရတယ်ပေါ့ဗျာ” လို့ သူက ပြောပါတယ်။ လူရွှင်တော် ဧရာရဲ့ ကျန်းမာရေးသတင်းကြောင့် အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ကိုဗစ်ရောဂါကို အန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်ဖို့ကိုလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ဆုတောင်းလျှက်ရှိတာကိုလည်း တွေ့ရပါတယ်။ 

Photo: လူရွှင်တော် ဧရာ

လူရွှင်တော် ဧရာ ဟာ ခါးနာရောဂါကြောင့် ၂၀၁၉ ခုနှစ်က အရိုးဆေးရုံကြီး (ကြည့်မြင်တိုင်)မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဒီဝေဒနာကို ခံစားနေရတာ အခုဆိုရင် ၂ နှစ်ကျော်လာပြီလို့လည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တာ တော်တော်ကို ကြာခဲ့ပြီလို့လည်း သူက ဆိုပါတယ်။ 

Photo: လူရွှင်တော် ဧရာ

လူရွှင်တော်ဧရာရဲ့မိသားစုမှာတော့ ဇနီးဖြစ်သူရယ်၊ သမီးရယ်၊ မြေးလေးရယ်၊ သားမက်ရယ် ရှိတယ်လို့ သိရပါတယ်။ သူဟာ ပရိသတ်တွေကို ဟာသပြက်လုံးတွေ နဲ့ ရယ်မောစရာတွေကို ဖန်တီးပေးတတ်တဲ့ လူရွှင်တော် တစ်ဦးဖြစ်သလို ဟာသသရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ ဟာသအစီအစဉ်လေးတွေမှာလည်း အစီအစဉ်တင်ဆက်သူ၊ အကဲဖြတ်ဒိုင်လူကြီး တစ်ယောက်အဖြစ် အမြဲပါဝင်လေ့ရှိသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က