ကြော်ငြာတွေ အတူတူ ရိုက်ကူးနေရတယ်။

စန္ဒီမြင့်လွင်ဟာ လူချစ်လူခင်ပေါများလွန်းတဲ့ သမီးလေးရဲ့ အကြောင်းတွေကို အခုလိုပြောပြလာပါတယ်။ 

Photo: sandi Myint Lwin



စန္ဒီမြင့်လွင်ကတော့ ကိုဗစ်ကာလမှာ သမီးလေး ထရက်ရှာနဲ့ အတူ ကြော်ငြာတွေ ရိုက်ကူးနေတာ ပါ။ ငယ်ငယ်ကတည်းက အနုပညာကြေးတွေ ရနေပြီဖြစ်တဲ့ သမီးလေးအတွက် ပိုက်ဆံသေချာ စုပေးထားတယ်လို့ Duwun ကို ပြောပါတယ်။ 

“ ထရက်ရှာနဲ့ အစ်မက အလုပ်တွေ အတူတူ တွဲလုပ်ရတယ်။ အခုဆိုရင် သူ့ပိုက်ဆံဆိုလည်း သူ့ပိုက်ဆံပေါ့နော်၊ သူ့လုပ်အားဆိုလည်း သူ့ လုပ်အားလေးနဲ့ ရတဲ့ ပိုက်ဆံကို စုပေးဖြစ်တယ်။ အလှူလုပ်တဲ့ အခါကျရင်တော့ နည်းနည်းစီ ဖဲ့ပြီး လှူဖြစ်တာပေါ့။ သူက မွေးကတည်းက လူချစ်လူခင်ပေါတဲ့ ကံလေး ပါလာတယ်။ ဒီဘက်ခေတ်မှာလည်း ကလေးတွေနဲ့ ပတ်သက်ပြီး အလုပ်လုပ်တာ ကြော်ငြာကြတာတွေ များလာတယ်ထင်ပါရဲ့ ရိုက်ကူးရေးတွေ လာကမ်းလှမ်းကြတာများတယ်။ ကြော်ငြာရိုက်ရင်လည်း ကလေး တကယ်သုံးတဲ့ ပစ္စည်း၊ ကလေး တကယ်စားတဲ့ ပစ္စည်း၊ တကယ် သောက်တဲ့နို့ တွေလောက်ပဲ လက်ခံဖြစ်ပါတယ်။ ကြော်ငြာတော့ ရွေးရတာပေါ့နော်” လို့ သူက ဆိုပါတယ်။ 

Photo: sandi Myint Lwin

ထရက်ရှာလေးကတော့ အခုဆိုရင် အသက် (၁) နှစ်နဲ့ (၅) လရှိပါပြီ။ စကားလေးတွေလည်း တီတီတာတာ ပြောတတ်နေပြီဖြစ်လို့ မိသားစုတွေကလည်း အချစ်ပိုနေရတယ်လို့ စန္ဒီမြင့်လွင်က ဆိုပါတယ်။ 

“ အခုဆိုရင် သူက နို့ ဆိုရင်လည်း နို့ နို့ ဆိုတာ တောင်းတက်နေပြီ၊ မုန့်ဆိုလည်း မုန့် ပေါ့။ အရမ်းဆော့နေပြီ ဖေဖေ မေမေ လည်း ခေါ်တတ်နေပြီ။ ဒီခေတ် ကလေးတွေက ဉာဏ်ကောင်းတာလား မသိဘူး တစ်ခုခုဆို အရမ်းမှတ်ထားတာ။ တစ်ခါတလေ တစ်ဗုံးဗုံး ချော်လဲရင်တောင် ငါ့သမီးလေး ဉာဏ်ကောင်းရဲ့လား စိတ်ပူနေရတယ်။ သူကတော့ လိုတာထက်ပို ကောင်းနေသေးတယ်။ တစ်အိမ်လုံးကလည်း တော်တော်ကို ချစ်ကြတယ်” လို့ ပြောပါတယ်။ 

Photo: sandi Myint Lwin

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို ပန်းလှိုင်ဆေးရုံမှာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ သမီးလေးကိုတော့ အိမ်ခေါ်နာမည် ထရက်ရှာလို့ အမည်ပေးထားပြီး သမီးလေး(၆)လအရွယ်မှာတော့ မြန်မာနာမည်အဖြစ် ခင်လင်းထင်လို့အမည်ပေးခဲ့တာတွေ့ရပါတယ်။ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၂ နှစ်ကျော်လာခဲ့ပါပြီ။ အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။




ဆက်စပ်အကြောင်းအရာများ



က္က