ဇနီးဖြစ်သူက ကိုယ်ဝန်လွယ်ထားရပါပြီတဲ့။

သက်အောင်ကတော့ ပထမဆုံးရင်သွေးလေးနဲ့ ပတ်သက်ပြီး သူ စိတ်ကူးထားတဲ့ အရာတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: သက်အောင်



Examplez အဖွဲ့ဝင် သက်အောင် ကတော့ ဇနီးဖြစ်သူ မစံထက်အောင်ဝင်းမှာ ပထမဆုံးရင်သွေးလေး ရှိနေပြီလို့ ဆိုလာပါတယ်။ ရင်သွေးလေးကတော့ သမီးလေးဖြစ်ပြီး ဧပြီလ လောက်မှာ ပိုင်ဆိုင်ခွင့်ရတော့မယ့် ပီတိလေးကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ လောလောဆယ် မိန်းမက အိမ်မှာပဲ အလုပ်လုပ်နေရတာများတယ်။ ပြီးတော့ မိန်းမရဲ့ ကိုယ်ဝန်က (၄) လထဲကို ရောက်နေပြီ။ နောက်နှစ် ဧပြီလလောက်တော့ မွေးမယ်။ ရင်သွေးလေး ရပြီဆိုတော့ ပျော်တာပေါ့နော်။ ဒါပေမယ့် ကျွန်တော်က ယောက်ျားလေး လိုချင်တာ အခု စစ်ကြည့်လိုက်တော့ မိန်းကလေးဖြစ်နေတယ်။ ပြန်တွေးကြည့်တော့လည်း မိန်းမ အတွက် အဖော်ရတာပေါ့။ အိမ်လည်း ပိုကပ်မယ်လေ၊ ကျွန်တော့်လို ယောက်ျားလေး မွေးလာလည်း ထိန်းရတော်တော်ခက်မှာ။ ကျွန်တော်ကလည်း ငယ်ငယ်လေးကတည်းက အိမ်မကပ်တဲ့ အထဲမှာ ပါတယ်” လို့ ဆိုပါတယ်။ 

Photo: သက်အောင်

သက်အောင်ဟာ ကိုယ့်ရဲ့ ရင်သွေးလေးအတွက် ခေါင်းထဲမှာ အတွေးတွေ အများကြီးထည့်ထားတယ်လို့ ပြောပါတယ်။ ဝါသနာပါရာ လမ်းကြောင်းပေါ်ကို တင်ပေးဖို့အတွက်လည်း ကြိုတင် ပြင်ဆင်ထားပြီးသားလို့ သူက ဆိုပါတယ်။ 

“ Plan တွေကလဲ အများကြီးပါပဲ။ မိန်းမကလည်း သူတွေးထားတာလေးတွေ အများကြီးရှိတယ်။ ကလေး အရွယ်ရောက်လာရင်လည်း ဘာဖြစ်ချင်လဲ၊ သူဘာလုပ်ချင်လဲ၊ ဆရာဝန် ဖြစ်ချင်တာလား၊ အင်ဂျင်နီယာ လုပ်မလား၊ အနုပညာရှင်ဖြစ်ချင်တာလား သူဖြစ်ချင်တာတွေကို ပံ့ပိုးပေးသွားဖို့ စဉ်းစားထားတယ်။ ကျွန်တော့် တုန်းကလည်း ကျွန်တော့် မိဘတွေက ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ ဝါသနာကို ပံ့ပိုးပေးခဲ့ကြတယ်။ ကိုယ်ဖြစ်ချင်တဲ့ အနောက်ကိုပဲ မိဘတွေက လုပ်လုပ်ပေးခဲ့တာဆိုတော့ ကိုယ် မိဘဖြစ်လာလည်း ဒီလိုပဲ လုပ်ပေးမယ်။ အတင်းအကြပ်ကြီး ဟိုဟာလုပ်ရမယ်၊ ဒီဟာလုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးတော့ မစဉ်းစားထားဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: သက်အောင်

သက်အောင်ဟာ ဇနီးဖြစ်သူ မစံထက်အောင်ဝင်းနဲ့ ချစ်သူသက်တမ်း (၉) နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အခုဆိုရင်တော့ အိမ်ထောင်သက်တမ်း တစ်နှစ်ကျော် ကြာပြီဖြစ်သလို ပထမဆုံးရင်သွေးလေးကိုလည်း ပိုင်ဆိုင်ခွင့်ရတော့မှာပါ။ သက်အောင်ဟာ ဂီတအလုပ်တွေနဲ့လည်း ဝေးကွာခဲ့တာကြာပါပြီ။ ကိုယ်ပိုင်စီးပွားရေးကိုသာ ဦးစားပေး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီဇင်ဘာလ (၄) ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ Examplez အဖွဲ့ရဲ့ ဂီတသက်တမ်း နှစ် (၂၀) ပြည့်တဲ့ အမှတ်တရ ဖျော်ဖြေပွဲမှာလည်း သက်အောင်က ပါဝင်သီဆိုခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က