အသက်(၅) လကွာတယ်။

အသက် (၅) လသာကွာတဲ့ အဆိုတော် ထွန်းထွန်းနဲ့ သက်အောင်တို့ ညီအစ်ကို နှစ်ယောက်ကတော့ ငယ်ငယ်က အမှတ်တရတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Htun Htun



Examplez အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အဆိုတော် ထွန်းထွန်းနဲ့ သက်အောင် တို့ကတော့ ပရိသတ်အခိုင်အမာ ရရှိထားပြီးသား အဆိုတော်တွေ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ခြံတစ်ခုတည်းမှာ အတူတူနေခဲ့ကြသလို ကျောင်းတက်တော့လည်း ကျောင်း အတူတူပဲလို့ သက်အောင်က Duwun ကို ပြောပါတယ်။ 

“ ကျွန်တော်နဲ့ ထွန်းထွန်းနဲ့က (၅) လကွာတဲ့ ညီအစ်ကိုဝမ်းကွဲတွေပါ။ ငယ်ငယ်ကတည်းကလည်း တစ်ခြံတည်းမှာ အတူတူနေလာခဲ့ကြတာ ပြီးတော့ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်ဆိုလည်း မမှားဘူး။ ကျောင်းလည်း တစ်ကျောင်းတည်းပဲ သူက K အတန်း၊ ကျွန်တော်က L အတန်း။ ထူးကျော်သူနဲ့ ဖြိုးမောင်မောင်က ထွန်းထွန်းနဲ့ အတန်းတူတယ်။ ဒါပေမယ့် အိမ်မှာပဲ လာဆော့နေကြဆိုတော့ ဒီ (၄) ယောက်က (၄) တန်း၊ (၅) တန်းလောက်ကတည်းက တတွဲတွဲဖြစ်နေကြတာ အခုချိန်ထိပဲ”လို့ ဆိုပါတယ်။ 

Photo: Htun Htun

ထွန်းထွန်းကိုယ်တိုင်ကလည်း ညီအစ်ကို နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ ကျွန်တော်တို့က ညီအစ်ကို ဆိုပေမယ့် သူငယ်ချင်းလိုလည်း ပေါင်းဖြစ်တယ်။ အဖွဲ့ထဲမှာဆိုရင် ကျွန်တော်က ကိုယ်ဝါသနာပါတာကို ပိုပြီးတော့ အားစိုက်လုပ်တဲ့သူ။ အခုချိန်မှာ ငယ်သူငယ်ချင်းတွေ ပြန်ဆုံရင်လည်း ကိုယ့်ကိုယ်ကိုယ် အသက်ကြီးတယ်လို့ကို မခံစားရဘူး။ ငယ်ငယ်တုန်းက အကြောင်းဆိုတာကို ပြောဖို့တောင် တော်တော်ခက်ခဲနေတယ်။ အမြဲတမ်း (၁၈) နှစ်ပဲ” လို့ ဆိုပါတယ်။ 

Photo: Htun Htun

သက်အောင် အနေနဲ့ ကိုယ်ပိုင်မိသားစုရရှိလာတဲ့ အချိန်မှာ ဝါသနာပါတဲ့ ဂီတအလုပ်ကို စွန့်လွှတ်ပြီး မိသားစုအတွက် ဝမ်းစာ ရှာနေရတဲ့ အကြောင်းကို ပြန်လည် ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော်ကတော့ အခုဆို ဆံပင်တောင် ဖြူနေပြီ။ အသက်လည်း ကြီးလာပါပြီ။ ကိုယ် ဘာလုပ်နိုင်သလဲ၊ ကိုယ်ဘာလုပ်ချင်သလဲ ဆိုတာထက် ကိုယ် ဘာလုပ်သင့်သလဲ ဆိုတာကို ပိုလုပ်ဖြစ်တယ်။ ထွန်းထွန်းကတော့ ဝါသနာရယ်၊ ဝမ်းစာရှာတာရယ်က ထပ်တူကျတယ်။ ကျွန်တော် ကျတော့ ဝါသနာပါတယ် ဆိုတာထက် မိသားစု ဝမ်းရေးအတွက် ပိုက်ဆံရှာရတဲ့ ဟာကျတော့ ဖြစ်သင့်တာကို ပိုပြီးတော့ ရွေးချယ် ဖြစ်သွားတာပေါ့နော” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Htun Htun

ထွန်းထွန်းနဲ့ သက်အောင်တို့ ပါဝင်ထားတဲ့ Examplez အဖွဲ့ကတော့ အခုဆိုရင် ဂီတသက်တမ်း နှစ် (၂၀) ကျော်လာခဲ့ပါပြီ။ ဒီအဖွဲ့ထဲမှာတော့ ထွန်းထွန်း၊ သက်အောင်၊ ဖြိုးမောင်မောင် နဲ့ ထူးကျော်သူ တို့ ပါဝင်ပါတယ်။ သက်အောင်၊ ဖြိုးမောင်မောင် နဲ့ ထူးကျော်သူ တို့ကတော့ အိမ်ထောင်ပြုပြီး သားသမီးတွေနဲ့ မိသားစု ဘဝလေးတွေ ပိုင်ဆိုင်ထားပါတယ်။ ထွန်းထွန်းကတော့ ဝါသနာပါရာ အနုပညာအလုပ်တွေ လုပ်ရင်း အခုဆိုရင် အကယ်ဒမီ ဆု တစ်ဆု ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က