မလိုချင်မှအဆုံး ပိုက်ဆံတွေ ရခဲ့ပါတယ်။
Sabal Thwin

လွင်မိုးကတော့ အနုပညာအလုပ်ကို စီးပွားရေး တစ်ခုဆိုတာထက် ဝါသနာကို အရင်းခံပြီး ကြိုးစားရပ်တည်လာခဲ့တယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် မင်းသား လွင်မိုးဟာ အနုပညာအလုပ်ကို ဝါသနာကို အရင်းခံပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ခဲ့တဲ့ ငယ်ဘဝ အမှတ်တရတွေကို ပြောပြလာပါတယ်။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်ကို စီးပွားရေးအရ၊ ငွေကြေးအရ တွေးပြီး မလုပ်ခဲ့တဲ့အကြောင်း Duwun နဲဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

“ အနုပညာအလုပ်တွေ လုပ်တဲ့ အချိန်တုန်းက ရုပ်ရှင်က ရတဲ့ ဝင်ငွေထက် ရုပ်ရှင်ကားရိုက်ဖို့အတွက်ပဲ ဦးက အဓိက ထားခဲ့တယ်။ ဒါကြောင့်လည်း ဦးက ရုပ်ရှင်ရိုက်ရင် ကိုယ့်အပေါင်းအသင်း၊ မိတ်ဆွေတွေနဲ့ပဲ ရိုက်တာများတယ်။ လူရွှင်တော်ဆိုလည်း ဦးသူငယ်ချင်းတွေနဲ့ အလုပ်လုပ်တာများတယ်။ ခရီးတွေထွက်ပြီး ဇာတ်ကားရိုက်ရတာများတယ်။ ကြိုက်လည်း ကြိုက်တယ်။ပြီးတော့ ငွေကြေးအရ ငါ ရုပ်ရှင် ဘယ်နှကား ရိုက်ပြီးပြီ ငါ ဘယ်လောက် စုပြီးတော့ ဘာလုပ်မယ်ဆို တာကို စိတ်ကူးမရှိခဲ့ဘူး။ ဦးတို့က ရုပ်ရှင်ကို ဝါသနာပါလို့ ရိုက်ကြတာတွေချည်းပဲ။ ဒွေးရော၊ ထက်ထက်မိုးဦးရော အဲဒီလိုပဲ။ ရုပ်ရှင်ရိုက်တာ ပိုက်ဆံမရဘူးမဟုတ်ဘူး ရတယ် မလိုချင်မှ အဆုံးပါပဲ။ ခြံလေး တစ်ခြံ၊ အိမ်လေးတစ်လုံး ရရင် တော်ပြီဆိုပြီးတော့ လောဘလည်းမတတ်ဘူး။ ကိုယ်လုပ်ချင်တာတွေ လုပ်ခဲ့ကြတာပေါ့လေ” လို့ ဆိုပါတယ်။

Photo: Lwin Moe

သူငယ်ချင်းတွေနဲ့ စုပြီး ခရီးတွေထွက်ပြီး ရိုက်ကူးရတာကြိုက်တဲ့ လွင်မိုးက အနုပညာကြေးလျှော့ယူပြီးတော့တောင် ရိုက်ကူးခဲ့ရတာတောင် ရှိတယ်လို့ဆိုပါတယ်။

"ချောင်းသာမှာ သွားရိုက်မယ့်ကားက ပရိုဂျူဆာက ဒီလောက်ဆို မရိုက်နိုင်ဘူးပြောတော့ အဲဒါကို ဦးသရုပ်ဆောင်ခကိုလျှော့၊ ဦးမျိုးမင်းက ဒါရိုက်တာခကိုလျှော့၊ လူရွှင်တော်တွေက ရတာမှ ငါးသောင်း-ခြောက်သောင်းလောက်ပဲ ရတာ။ အဲဒါကို ပိုက်ဆံတွေ လျှော့ယူပြီးသွားရိုက်ကြတာ" လို့ ဦးလွင်မိုးက ငွေကြေးမမက်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးခဲ့ကြတဲ့အကြောင်းကို ပြောပြပါတယ်။

Photo: Lwin Moe

လွင်မိုးကတော့ တစ်ခေတ်တခါက အနုပညာလောကမှာ သရုပ်ဆောင် ဒွေး၊ ကျော်ရဲအောင် တို့နဲ့ အပြိုင် ပရိသတ်တွေရဲ့အသည်းကို လှုပ်ကိုင်နိုင်ခဲ့တဲ့ မင်းသားချောတစ်ဦးပါ။ အဲဒီအချိန်တုန်းကလည်း ပရိသတ်အားပေးမှု အပြိုင်အဆိုင်တွေနဲ့ အောင်မြင်ခဲ့ကြပေမယ့် အနုပညာရှင်အချင်းချင်းရဲ့ ဆက်ဆံရေးကတော့ အရမ်းကို ရင်းနှီးဖော်ရွေတယ်လို့ သူက ပြောပါတယ်။ 

“ တစ်ချိန်တုန်းကဆိုရင် ကိုကျော်ရဲအောင် ၊ ဒွေး၊ ဦးလွင်မိုး၊ ထက်ထက်မိုးဦး၊ နန္ဒာလှိုင်၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်တို့ပေါ့။ အဲဒီတုန်းကလည်း တစ်ယောက်နဲ့ တစ်ယောက် ဘာပြဿနာမှ မရှိကြပါဘူး။ အဲဒီတုန်းကဆိုရင် ဗီဒီယိုဆိုလည်း သူဟာနဲ့သူ၊ ရုပ်ရှင်ဆိုလည်း သူ့ဟာနဲ့သူ အရမ်းကောင်းတဲ့ အချိန်ပေါ့နော်။ ရုပ်ရှင်ရော၊ ဗီဒီယိုရော လက်မလည်အောင် ရိုက်ခဲ့ရတာပေါ့။ ကိုကျော်ရဲအောင်၊ ကိုသားကြီးနဲ့ ဦး ဆိုလည်း ဘာမှ မတည့်စရာအကြောင်းကို မရှိဘူး။ လမ်းမှာတွေ့ရင် အချိန်မရွေး တစ်ယောက်နဲ့ တစ်ယောက် ပြေးခေါ်ကြတာ။ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပြီးတော့ အဲဒီလိုတွေ ရင်းနှီးခဲ့ကြတာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Lwin Moe

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ သူဟာ ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပါပြီ။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က