တချို့က အပေါ်ယံလုပ်တာလို့မြင်ကြတယ်။

G ကတော့ သူဆောင်ရွက်နေတဲ့ ပရဟိတအလုပ်တွေကို အပေါ်ယံ အမြင်နဲ့ ပြောကြတဲ့သူတွေ ရှိတယ်လို့ ဆိုပါတယ်။ 

Photo: Kitschen Myanmar



G ကတော့ The Voice Myanmar (Season-3) ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပေမယ့် ဂီတကို ဝါသနာပါတာထက် ပရဟိတအလုပ်ကို ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူမဟာ ဒီ ပရဟိတအလုပ်ကို လုပ်လာတာ ၈ လ ကြာပြီဖြစ်သလို ဒီအလုပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်နေ စိတ်ထားတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

“ ပရဟိတလုပ်တယ်ဆိုတာ အစကတည်းက ပရဟိတစိတ်ရှိမှ လုပ်လို့ရတာပါ။ နာမည်ရချင်လို့ ပရဟိတ အလုပ်ကို လုပ်တာလည်း မဟုတ်ဘူး။ အခု နာမည်ရသွားတာကလည်း ပရဟိတကြောင့်ပါပဲ။ ဒါပေမယ့် ညီမကို လူတွေ မသိခင်ကတည်းက ဒီပရဟိတအလုပ်ကို လုပ်နေတာပါ။ ၈ လကျော်လာပြီလေ။ တချို့လူတွေကတော့ အပေါ်ယံ လုပ်နေတယ်လို့ မြင်ကြတယ်။ ဒါပေမယ့် အပေါ်ယံ ဟုတ်မဟုတ် ဆိုတာကိုတော့ ညီမတို့နဲ့ အတူတူ အလုပ်လုပ်နေတဲ့သူတွေ သိတယ်။ လူတွေ ထင်တာမြင်တာ အရေးမကြီးဘူး ပရဟိတ စိတ်ရှိလို့သာ ဒီလို လက်တွေ့ကျကျ နဲ့ အချိန်ကြာကြာ လုပ်နိုင်တာလို့ ထင်တယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: Kitschen Myanmar

G ဟာ ကိုဗစ်ကာလ စဖြစ်ကတည်းက ရှင်သန်ရေး လူမှုကယ်ဆယ်ရေးအသင်းမှာ ပရဟိတလုပ်နေတာဖြစ်ပါတယ်။ ပရဟိတအလုပ်လုပ်နေရတဲ့ အချိန်မှာ ထမင်းလည်း ငတ်ခဲ့ရသလို တခြား အခက်အခဲတွေလည်း ကြုံခဲ့ရတယ်လို့ သူက ဆိုပါတယ်။ 

“ အခုနောက်ပိုင်းကတော့ လမ်းကြောင်းနည်းနည်းပါးသွားပြီ။ အရင်တုန်းကဆိုရင် မနက်အစောကြီးသွားရတာတွေရှိတယ်၊ ညဘက် မိုးတော်တော်ချုပ်မှ ပြန်လာရတာတွေရှိတယ်။ PPE ဝတ်စုံနဲ့ အချိန် (၁၀)နာရီလောက် နေရတာတွေရှိတယ်။ အဲဒီအခါကျရင် ထမင်းလည်း ငတ်တယ်၊ အပေါ့အလေး သွားလို့ မရဘူး။ အခက်အခဲကတော့ အရင်တုန်းက အဲဒီလို အမြဲတမ်းရှိတယ်။ ပြီးတော့ ကိုယ့် ကျန်းမာရေးကိုလည်း ကောင်းအောင်ကြိုးစားနေတယ်။ အဓိက ကတော့ ကိုယ်ခံအားကောင်းဖို့အရေးကြီးတယ်။ မကျန်းမာတဲ့သူ၊ ကြမ်းကြမ်းတမ်းတမ်း နေနိုင်တဲ့ သူမှလည်း ပရဟိတအလုပ်တွေ လုပ်နိုင်မှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: G

G ကတော့ အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမအရင်းဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ရွှေနန်းတော် ရဲ့ တစ်ဦးတည်းသော သမီးဆိုလည်း မမှားပါဘူး။ ဂီတကို ဝါသနာကြီးသူဖြစ်တာကြောင့် The Voice Myanmar (Season-3) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး The Knockouts (Week 12) အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ပရဟိတအလုပ်တွေ လုပ်ရင်း Single Song လေးတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က