ပရိသတ် အခိုင်အမာ ရရှိပြီးသား ဂီတမောင်နှံလေးတွေပါ။

ဝိုင်းစုခိုင်သိန်းကတော့ သူမရဲ့ မင်္ဂလာပွဲကို စိတ်ကူးထားတဲ့ အတိုင်း ကျင်းပသွားချင်တယ်လို့ ဆိုပါတယ်။

photo:Wine Su



အဆိုတော် အောင်လ နဲ့ ဝိုင်းစုခိုင်သိန်းတို့ကတော့ ပရိသတ် အခိုင်အမာ ရရှိပြီးသား ဂီတမောင်နှံလေးတွေ ဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးဟာ မင်္ဂလာလက်မှတ်ရေးထိုးထားပြီးသားဖြစ်ပေမယ့် မင်္ဂလာပွဲ ကျင်းပမယ့် အစီအစဉ်ကိုတော့ စိတ်ကူးထားတုန်းပဲလို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။ 

“ ဝိုင်းစု တို့ နှစ်ယောက်က မင်္ဂလာလက်မှတ်က ထိုးထားပြီးသားပါ။ ပွဲ ကတော့ အကြီးကြီးတော့ မလုပ်ပါဘူး၊ လုပ်လည်း မလုပ်ချင်ဘူး။ ပျော်ပျော်ပါးပါး ကိုယ့်လူတွေနဲ့လောက်ပဲ ဧည့်ခံပွဲလေး လုပ်ဖို့တော့ စဉ်းစားထားတယ်။ သေချာတော့ မသိသေးဘူး။ မင်္ဂလာပွဲ အကြီးကြီး လုပ်ဖို့အထိလည်း မလိုတော့ပါဘူး။ အဓိက က ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့လောက်ပဲ သွားချင်တယ်” လို့ Duwun ကို ပြောပါတယ်။ 

photo:khun

မင်္ဂလာပွဲ ကျင်းပဖို့ဆိုတာဟာ တကယ်ကို ပင်ပန်းတဲ့ အလုပ်တစ်ခုပါလို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲ လုပ်ဖို့ အတွက် ကိုလည်း နှစ်ယောက်စလုံးက စိတ်ကူး မရှိဘူးလို့လည်း သိရပါတယ်။ 

“ တကယ်တော့ ပွဲ တစ်ပွဲ လုပ်ရတာ အရမ်းပင်ပန်းပါတယ်။ ဘယ်ပွဲဖြစ်ဖြစ်ပေါ့နော်။ တေးစီးရီး လက်မှတ်ထိုးပွဲတွေ လုပ်တာတောင် အရမ်းပင်ပန်းတာ ပြီးတော့ ဒီလို ပွဲတွေ လုပ်ဖို့အတွက်က ကြိုတင်ပြင်ဆင်ရတာမျိုးလေ။ ပြီးတော့ မင်္ဂလာပွဲ လုပ်ဖို့ဆိုတာက ပိုတောင် ပင်ပန်းသေးတယ်။ အဝတ်အစား၊ မိတ်ကပ်၊ ခေါင်းအစခြေအဆုံး ပြင်ဆင်ရတာ အဲဒါတွေက ကိုယ်နဲ့လည်း အဆင်မပြေသလို ကိုအောင်လနဲ့လည်း အဆင်ပြေမှာ မဟုတ်ဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Khun

အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ၃ နှစ်ကျော်အကြာ ခိုင်မာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပြီး ဂီတလမ်းကြောင်းပေါ်မှာ တစ်ဦးနဲ့ တစ်ဦး ဖေးမကူညီမှုတွေနဲ့ ရှေ့ဆက် လျှောက်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာလည်း သူတို့ နှစ်ဦးရဲ့ စိတ်ကူးလေးအတိုင်း တည်ဆောက်ထားတဲ့ အိမ်လေးမှာ အတူတူ နေထိုင်ကြတာပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က