Smile Mart ကို (၁၀) ဆိုင်ဖွင့်မှာပါ။

သရုပ်ဆောင် စမိုင်းလ်ကတော့ Smile Mart မှာ ဈေးတင်ရောင်းချင်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်တွေ ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။  

Photo: Smile



သရုပ်ဆောင် စမိုင်းလ်ကတော့ Smile Mart လေးကို လှိုင်သာယာ မှာ ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပါတယ်။ သူမဟာ Smile Mart ကိုမဖွင့်ခင်က အွန်လိုင်းကနေသာ တစ်ပတ်ကို တစ်ကြိမ် စားသောက်ကုန်တွေ ရောင်းချပေးနေတာဖြစ်ပြီး ကြော်ငြာပေးဖို့ ကမ်းလှမ်းလာတဲ့ အရေအတွက်က များလွန်းလာတာကြောင့် Smile Mart ကို ဖွင့်လိုက်ရတာလို့ သူက ဆိုပါတယ်။ 

“အရင်တုန်းကတော့ Smile Mart လေးကို အစ်မရဲ့ ဖေ့စ်ဘွတ်မှာပဲ အပတ်စဉ် ကြာသပတေးနေ့တိုင်း ရောင်းပေးတယ်၊ ကြော်ငြာပေးတယ်။ အဲ့ဒီကနေ ပစ္စည်းတွေ အရမ်းများလာတဲ့အခါကျတော့ ဒါလေးတွေ အားလုံး အဆင်ပြေအောင် အစ်ကို က ဆိုင်လေး အနေနဲ့ လုပ်ကြည့်ပါလား ဆိုတဲ့အတွက် Smile Mart လေးကို လှိုင်သာယာမှာ ပထမဆုံး ဖွင့်ဖြစ်ခဲ့တာပါ။ Smile Mart မှာ ပရိသတ်တွေက သူတို့ရောင်းချင်တဲ့ ကုန်ပစ္စည်းတွေကို လာတင်ခွင့်ရှိတယ်။ အစ်မကို ကော်မရှင်ခ ပေးစရာမလိုဘူး အလကားတင်ပေးမှာပါ။ ဒါပေမယ့် အစ်မ ဆီမှာ လာတင်တဲ့ ပစ္စည်းတွေက တာရှည်ခံ ဆေးဝါးတွေ မသုံးတဲ့ အစားအသောက်တွေ ဖြစ်ရမယ်။ စားသုံးသူကို အန္တရာယ် မဖြစ်စေအောင် ကိုယ်တိုင်ကလည်း အာမခံရမယ်၊ တာဝန်ယူရမယ် စည်းကမ်းချက်လေးတွေ ထားထားတယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: Smile

စမိုင်းလ်ဟာ ကိုဗစ်ကာလမှာ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်နေတဲ့သူတွေကို အကူအညီပေးနိုင်ဖို့ အခုလို Smile Mart ကို ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် နေရာတော်တော်များများမှာ Smile Mart ဖွင့်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ စမိုင်းလ်က ပြောပါတယ်။ 

“ Smile Mart ကို (၁၀) ဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ လိုက်ဖွင့်သွားမှာပါ။ နယ်တွေမှာကျတော့ အစ်မကိုယ်တိုင်လည်း မသွားနိုင်သေးဘူး။ Smile Mart ကို နယ်တွေမှာ ဖွင့်ဖို့ လာပြောထားတာတွေရှိတယ်။ အဲဒီလူတွေကိုတော့ သေချာစိစစ်ပြီးတော့ သူတို့ လုပ်နိုင်လား၊ Smile Mart က တစ်ခုခုဖြစ်တယ်ဆိုရင် အစ်မရဲ့ Brand ၊ အစ်မရဲ့ Image ကို လာပြီးတော့ ထိမှာပေါ့နော်။ စားသုံးသူတွေအတွက် (၁၀၀) ရာခိုင်နှုန်း ဂရုစိုက်မှုပေးချင်တယ်။ စားသုံးသူက တစ်ခုခုဆိုရင် ဈေးရောင်းတဲ့သူက ဒုတိယ၊ အစ်မက ပထမ ခံရမှာဖြစ်တဲ့အတွက် ဒီလို ထိခိုက်မှုမျိုးကို ရှောင်ပြီး အစ်မရဲ့ စည်းကမ်းအတိုင်း သူတို့ လုပ်နိုင်တယ်ဆိုရင်တော့ စီစဉ်သွားမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒါ့အပြင် ရုပ်ရှင်ပြသရေး၊ ဗီဒီယိုဇာတ်ကား ထုတ်လုပ်ဖို့ အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက် အကူအညီဖြစ်စေဖို့ Smile Online Cinema ဆိုတဲ့ App ကိုလည်း တည်ထောင်ထားသူဖြစ်ပါတယ်။ အဲဒီနောက် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က