ရင်ဆိုင်အနိုင်ရသူတွေရှိသလို လက်လျှော့အရှုံးပေးခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားတဲ့ COVID-19 ကူးစက်ရောဂါဆိုးကြီးကို ဆင်းရဲချမ်းသာမရွေး ခံစားခဲ့ကြရာမှာ ပြည်သူချစ်အနုပညာရှင်အချို့မှာလည်း ဒီရောဂါဆိုးနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။ 

၂၀၂၀ ခုနှစ်ကတော့ လူသားတိုင်းအတွက် ပျော်စရာကောင်းတဲ့ အမှတ်တရတွေထက် စိတ်မကောင်းစရာတွေနဲ့ ကြုံခဲ့ရတဲ့ အမှတ်တရတွေက ပိုများတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ဘာလို့လည်းဆိုတော့ ၂၀၂၀ မှာ ဖြစ်ပေါ်လာခဲ့တဲ့ COVID-19 ကူးစက်ရောဂါကြောင့်ပါ။ ဒီ Covid ရောဂါကြီးကို အများပြည်သူတွေသာမက အနုပညာရှင်တွေလည်း ရင်ဆိုင် ကြုံတွေ့ခဲ့ရကာ ဒီကပ်ရောဂါကြီးကြောင့် အသက်ပါပေးလိုက်ရသူတွေ ရှိနေခဲ့ပါတယ်။ 



Photo: Aung Yin

၁။ အောင်ရင် (အဆိုတော်)

အဆိုတော် အောင်ရင်က ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက်နေ့က အင်္ဂလန်နိုင်ငံမှာ နေထိုင်ရင်း COVID-19 ရောဂါပိုး ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။ ကွာရန်တင်း (၁၄) ရက်ဝင်ပြီးနောက် ဧပြီလ (၃) ရက်နေ့မှာတော့ သူဟာ ကိုဗစ်ရောဂါ ပျောက်ကင်းသွားပြီဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့တာပါ။ ဒါပေမယ့် ဒီဇင်ဘာလ (၁၅) ရက်နေ့မှာတော့ အဆိုတော် အောင်ရင်ဟာ ကိုဗစ်ကူးစက်ရောဂါကို ဒုတိယအကြိမ်မြောက် ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေက ပြန်လည်ကောင်းမွန်လာတယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပရိသတ်ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

Photo: Myo Gyi

၂။ အဆိုတော် မျိုးကြီး

အဆိုတော် မျိုးကြီးဟာ ကိုဗစ်ရောဂါကို ဧပြီလ (၁၄) ရက်နေ့တုန်းက ကူးစက်ခံလိုက်ရတာပါ။ ဘာသာရေး အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ရာက Covid -19 ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပြီး သူနဲ့ အတူ ဇနီးဖြစ်သူ မလုံးလုံး ကလည်း ကွာရန်တင်း ဝင်ခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်မျိုးကြီးဟာ ပထမဆုံး ကိုဗစ် -၁၉ ကူးစက်ရောဂါကို ခံရသူ ဖြစ်တာကြောင့် ရောဂါကူးစက် ခံနေရတဲ့အချိန်မှာ ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေခဲ့ရပြီး အမြန်ဆုံး နေပြန်ကောင်းဖို့ကိုလည်း ဆုတောင်းပေးခဲ့ကြပါတယ်။ ရောဂါကူးစက်ခံရပြီး သိပ်မကြာခင် မေလ (၇) ရက်နေ့မှာ အဆိုတော် မျိုးကြီးဟာ ကိုဗစ် -၁၉ ရောဂါကို တိုက်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် မျိုးကြီးက ကိုဗစ်ရောဂါခံစားနေရသူတွေကို ကုသနိုင်ဖို့အတွက် သွေးရည်ကြည်အလှူလည်း ပြုလုပ်ခဲ့ပါတယ်။ 

Photo: Nitar

၃။ အဆိုတော်နီတာ

အဆိုတော် နီတာကတော့ ဧပြီလ (၁၆) ရက်နေ့မှာ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတာပါ။ သူဟာ အဆိုတော်မျိုးကြီးလိုပဲ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ရင်း ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက် ဖောင်ကြီး ကိုဗစ်စင်တာမှာ ဆေးကုသမှု ခံယူခဲ့ပြီး မေလ (၂၁) ရက်နေ့မှာ ကိုဗစ်ရောဂါ ကင်းစင်သွားတာဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့ လူနာတွေအတွက် သွေးရည်ကြည် လှူဒါန်းမှု ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

 

Photo: Sein Phyo Hlaing

၄။ မောင် (သရုပ်ဆောင်)

သရုပ်ဆောင် မောင်ကတော့ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ အစ်မဖြစ်သူရဲ့ ရင်သွေးလေးတွေကို စောင့်ရှောက်ကူညီပေးနေရင်း Positive ဖြစ်သွားခဲ့တာပါ။ စက်တင်ဘာလ (၂၂) ရက်နေ့မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တာကြောင့် ဧရာဝတီစင်တာမှာ ကွာရန်တင်းဝင်ရင်း ကိုဗစ်ရောဂါကို ကုသမှု ခံယူခဲ့တာပါ။ တစ်ဆက်တည်းမှာပဲ သူဟာ ဆရာဝန်တစ်ဦးဖြစ်တာကြောင့် ဧရာဝတီစင်တာမှာ ကွာရန်တင်းဝင်ရင်း ကိုဗစ်လူနာတွေအတွက် Volunteer လုပ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ အောက်တိုဘာလ (၂) ရက်နေ့မှာတော့ မောင်ဟာ ကိုဗစ်ရောဂါ ကင်းစင်သွားလို့ အိမ်ကို ပြန်ခွင့်ရခဲ့ပါတယ်။

Photo: Ye Htoo WIn

၅။ ဥက္ကာမင်းမောင် (အဆိုတော်)

ကိုဗစ်ရောဂါနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အနုပညာရှင်တွေထဲမှာ ဥက္ကာမင်းမောင်လည်း တစ်ယောက် အပါအဝင်ပါ။ သူဟာ အမေရိကမှာ နေရင်း အောက်တိုဘာလ (၁၉) ရက်မှာ ကိုဗစ်ကူးစက်ခံထားရတယ်ဆိုတာကို သိခဲ့တာဖြစ်ပါတယ်။ ကျန်းကျန်းမာမာ ရှိနေသူဖြစ်ပြီး လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း ရုတ်တရက်အနံ့ပျောက်သွားခဲ့တာကြောင့် ဆေးစစ်ကြည့်ခဲ့တာလို့ သူက ပြောပါတယ်။ ကွာရန်တင်းစင်တာမှာ (၁၀) ရက်သာနေခဲ့ရပြီး အိမ်မှာ (၁) ပတ်အကြာ ကွာရန်တင်း ဝင်ခဲ့ပြီး ကိုဗစ်ကို တိုက်ထုတ်နိုင်ခဲ့သူပါ။ 

Photo: NCN

၆။ မေဘရဏီသော် (အလှမယ်)

မေဘရဏီသော်ကတော့ နိုဝင်ဘာလ (၁၆) ရက်နေ့တုန်းက မိခင်ဖြစ်သူ၊ အဒေါ်ဖြစ်သူတို့နဲ့အတူ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတာလို့ သိရပါတယ်။ သူမကတော့ နိုဝင်ဘာလ (၈) ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ ကိုဗစ်ကူးစက်လက္ခဏာတွေခံစားခဲ့ရတာကြောင့် အောင်မြင့်မို ကွာရန်တင်းစင်တာမှာ ဆေးကုသမှု ခံယူခဲ့တာပါ။ အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ သူမဟာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားပြီလို့ သိရပါတယ်။

 

Photo: Kyaw Thu

၇။ ကျော်သူ နဲ့ ၈။ ထွန်းကိုကို (သရုပ်ဆောင်)

နာရေးကူညီမှုအသင်းကြီးရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးကျော်သူကတော့ အောက်တိုဘာလ (၂၁) ရက်နေ့တုန်းက ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။ သူဟာ ရုံးတွင်းပိုင်း ဝန်ထမ်းတစ်ဦးဆီကနေ ကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။ ဒါကြောင့် ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ ဦးကျော်သူဟာ နှလုံးခွဲစိတ်ထားသူဖြစ်သလို၊ ရောဂါအခံရှိသူဖြစ်တာကြောင့် သရုပ်ဆောင် ထွန်းကိုကို ကလည်း ဦးကျော်သူကို လိုက်လံစောင့်ရှောက်ရင်း ဝေဘာဂီဆေးရုံကြီးမှာ ကွာရန်တင်း အတူတူ ဝင်ခဲ့ကြတာကို တွေ့ရပါတယ်။ ဦးကျော်သူကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေရတဲ့ ထွန်းကိုကိုမှာလည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း နိုဝင်ဘာလ (၇) ရက်နေ့မှာတော့ ဦးကျော်သူရော၊ ထွန်းကိုကို ပါ ကိုဗစ်ရောဂါပိုးကို တိုက်ထုတ်နိုင်ခဲ့ပြီး ပရဟိတသမားနှစ်ဦး အိမ်ပြန်ခွင့်ရခဲ့ပါတယ်။








Photo:ဂျူဝယ်လ်

။ ဂျူဝယ်လ် (အဆိုတော်)

အဆိုတော် ဂျူဝယ်လ်ကတော့ နိုဝင်ဘာလ အတွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ရောဂါကူးစက်ခံရတဲ့နေ့က စလို့ ကွာရန်တင်းဝင်နေတဲ့ အချိန်မှာရော ၊ ကွာရန်တင်းကနေ အိမ်ပြန်ခွင့်ရခဲ့တဲ့ အချိန်တွေကိုလည်း သူမက ပရိသတ်တွေကို အသိပေးခဲ့တာမရှိပါဘူး။ ဒါပေမယ့် နိုဝင်ဘာလ (၂၀) ရက်နေ့မှာတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတယ်ဆိုတာကို ပရိသတ်တွေသိအောင် ပြောခဲ့ပါတယ်။

 

Photo: Moe De

၁၀။ မိုးဒီ (ဟာသလူရွှင်တော်)

လူရွှင်တော်ကြီး ဦးမိုးဒီကတော့ နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ အရင်တုန်းကတည်းက ကိုယ်ခံအားနည်းတတ်ပြီး ကျန်းမာရေးမကောင်းသူဖြစ်တဲ့ ဦးမိုးဒီဟာ ကျောက်ကပ် အားနည်းတဲ့ ရောဂါအပြင် အခြားသော ရောဂါတွေခံစားနေသူဖြစ်တာကြောင့် ဧရာဝတီစင်တာမှာ (၂၁) ရက်အကြာဆေးကုသမှု ခံယူခဲ့ရတာပါ။ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာတော့ ကိုဗစ်ရောဂါ ပျောက်ကင်းသွားတာဖြစ်ပြီး အိမ်ပြန်ခွင့်ရခဲ့ပြီလို့ သိရပါတယ်။

 

Photo: Nay Lin

၁၁။ နေလင်း (ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ)

နေလင်းကတော့ နိုဝင်ဘာလ (၂၄) ရက်နေ့တုန်းက ဧရာဝတီစင်တာမှာ ဆေးစစ်ချက်ခံယူပြီး ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း သိခဲ့တာဖြစ်ပါတယ်။ သူဟာ ဧရာဝတီစင်တာမှာပဲ ကွာရန်တင်းဝင်ရင်း Volunteer တစ်ယောက်အဖြစ် လူနာအချင်းချင်း အကူအညီတွေ ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီဇင်ဘာလ (၈) ရက်နေ့မှာတော့ နေလင်းဟာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားခဲ့ပြီး ဒီဇင်ဘာလ (၁၃) ရက်နေ့ကစပြီး ဧရာဝတီစင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာ တွေ့ရပါတယ်။

Photo: Yan Paing Soe

 ၁၂။ ရန်ပိုင်စိုး(သရုပ်ဆောင်)

အသက်(၇၀) နှစ်အရွယ် ဝါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သလို အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူ လည်းဖြစ်ခဲ့တဲ့ ရန်ပိုင်စိုးဟာ ကိုဗစ်ရောဂါကို ရင်ဆိုင်ခံစားနေခဲ့ရပါတယ်။ သူဟာ ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတယ်ဆိုတာကိုတောင် အနုပညာလောကသားတွေရော၊ ပရိသတ်တွေရော မသိခဲ့ကြပါဘူး။ ဒါပေမယ့် ကွာရန်တင်းဝင်နေရင်းမှာပဲ ကိုဗစ် ရဲ့ ဒဏ်ကိုမလွန်ဆန်နိုင်ခဲ့တာကြောင့် အောက်တိုဘာလ (၂၁) ရက်နေ့ နေ့လယ်(၁၁) နာရီကျော်က ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်ခဲ့တဲ့ သတင်းကို သိရတော့မှသာ ကိုဗစ်ကူးစက်ခံထားရတာလို့ သိခွင့်ရခဲ့တာပါ။ 

Photo: Ayear

၁၃။ ဧရာ (လူရွှင်တော်) 

ခါးအရိုး ခွဲစိတ်ထားတဲ့ ဒဏ်ရာကြောင့် နှစ်အတော်ကြာ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဧရာဟာ နိုဝင်ဘာလ (၃၀) ရက်နေ့က ကိုဗစ်ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အသက်(၆၁) နှစ်ရှိပြီဖြစ်သလို ရောဂါအခံရှိသူဖြစ်လို့ ရန်ကုန်ဆေးရုံကြီးမှာ ရက်အတော်ကြာ (၂၄) နာရီ အောက်ဆီဂျင်ပေးပြီး ဆေးကုသမှု ခံယူခဲ့ရတာပါ။ ဒါပေမယ့်လည်း ကိုဗစ်ကို ဘယ်လိုမှ မတွန်းလှန်နိုင်တော့ဘဲ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ အားလုံးကို အပြီးသတ် ကျောခိုင်းနှုတ်ဆက်သွားခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က