ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့ပါ။

လူရွှင်တော် ကောင်းကျော်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ကို မိဘနှစ်ပါးအတွက် ရည်ရွယ်ပြီး အလှူလုပ်ခဲ့တယ်လို့ ပြောပါတယ်။ 

Photo: Kaung Kyaw



ဇန်နဝါရီလ (၆) ရက်နေ့ကတော့ လူရွှင်တော် ကောင်းကျော် ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူဟာ မွေးနေ့ရောက်တိုင်း တတ်နိုင်သလောက် ငွေကြေးနဲ့ မွေးနေ့ အလှူ ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။ 

“ မွေးနေ့ကတော့ ထူးထူးခြားခြား မလုပ်ဖြစ်ဘူး။ ကိုဗစ် ဆိုတော့ ဘုန်းကြီးကျောင်းကိုပဲ ဆွမ်းချိုင့် ပို့ပြီး ကုသိုလ်ယူဖြစ်တယ်။ အခုဆို (၄၉) နှစ်ပြည့်ပြီ။ အဲဒီအတွက် မိဘအပေါ်မှာ တတ်နိုင်သလောက်လေးတော့ ကိုယ့်ဘက်က သိတတ်ရတယ်။ မိဘကျေးဇူးကတော့ ဒီ့အရွယ်အထိ မကြေသေးပါဘူး။ မွေးနေ့တိုင်းမှာ လုပ်တဲ့ အလှူလေးတွေက မိဘအတွက် ရည်ရွယ်ပြီး လုပ်တဲ့ အလှူလေးတွေချည်းပါပဲ” လို့ Duwun ကို ပြောပါတယ်။ 

Photo: Kaung Kyaw

ကောင်းကျော်ဟာ အသက်(၄၉) နှစ်အရွယ်အထိ သက်ရှိထင်ရှား ရှိနေသေးတဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခွင့် ရတဲ့ ကုသိုလ်အကျိုးကလည်း ကံကောင်းတယ်လို့ သူက ဆိုပါတယ်။  

“ အရင်တုန်းကဆိုရင် မွေးနေ့ရောက်တိုင်း အမေ့အတွက်၊ အဖေ့ အတွက် ဆိုပြီး ငွေကြေးနဲ့ ကန်တော့နေကြပါပဲ။ အခုတော့ အမေက ပဲခူးကို ရောက်နေတော့ မအားလို့ မသွားဖြစ်တော့ဘူး။ ကိုဗစ်ကလည်း ဖြစ်နေတော့ သွားလို့ မရဘူး။ ညနေပိုင်းတော့ အဖေ့ဆီကို တစ်ခေါက် သွားကန်တော့လိုက်ပါဦးမယ်။ ဒီအသက်အရွယ် ရောက်တဲ့ အထိ မိဘနှစ်ပါး ရှိနေသေးတာ ကံထူးပါတယ်။ အဖေ နဲ့ အမေ ရှိနေသေးတော့ ကုသိုလ်ကံကောင်းတယ်လို့ ပြောရမှာပဲ။ အခု အမေ ဆိုရင် အသက် (၈၃) နှစ်ရှိပြီ။ အဖေကတော့ (၇၉) နှစ်ရှိပါပြီ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Kaung Kyaw

ကောင်းကျော်ကိုတော့ လူရွှင်တော် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပြီး နာမည်ကျော် လူရွှင်တော်ကြီး ဦးမန်းကျော်ရဲ့ သားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့သူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သဘင်အစည်းအရုံးရဲ့ ပြန်ကြားရေး တာဝန်ယူထားရတယ်လို့လည်း သိရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က