(၁၀) ဘီလီယံကျော် တရားဝင် ချေးထားတာပါ။

ကိုဗစ်ကြောင့် စားဝတ်နေရေး အခက်ကြုံနေရတဲ့ သဘင်သည်တွေအတွက် နိုင်ငံတော်ကနေ ချေးငွေ ထုတ်ချေးလာဖို့ကို မျှော်လင့်နေတယ်လို့ သဘင်အစည်းအရုံးအတွင်းရေးမှူး ဦးနေဝင်းက ပြောပါတယ်။

Photo: U Nay Win



COVID-19 ကူးစက်ရောဂါကြောင့် ရုပ်ရှင်၊ သဘင်၊ ဂီတ စတဲ့ အနုပညာလုပ်ငန်းတွေ ရပ်နားထားရတာ အခုဆိုရင် တစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ သဘင်သည်တွေ အတွက် သဘင်အစည်းအရုံးမှ တာဝန်ရှိသူများက နိုင်ငံတော်ချေးငွေ ရယူဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဒီ လျှောက်ထားမှု အခြေအနေကိုတော့ သဘင်အတွင်းရေးမှူး ဦးနေဝင်းက ပြောပြလာပါတယ်။ 

“ သဘင်အစည်းအရုံးကနေပြီးတော့ သဘင်အနုပညာရှင်တွေအတွက် ချေးငွေတွေကို လွန်ခဲ့တဲ့ (၅)လလောက်တုန်းက နိုင်ငံတော်ကို စာတင်ခဲ့ပါတယ်။ ချေးငွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်မှာ အသေးစားလုပ်ငန်းတွေ၊ ကုမ္မဏီတွေလည်း ရှိသလို ကျွန်တော်တို့ကလည်း NGO သဘောအနေနဲ့ တင်ခဲ့ပါတယ်။ ချေးဖို့ အတွက်ခေါင်းစဉ်အမျိုးမျိုးနဲ့ဘောင်ဝင်အောင်စဉ်းစားနေတာဖြစ်ပါလိမ့်မယ်။ အဲဒီမှာအောက်တိုဘာလ(၁၄) ရက်နေ့က မြန်မာ့အသံ သတင်းမှာ ရုပ်ရှင်၊ဂီတ၊သဘင်၊ စာပေစာနယ်ဇင်းတွေကို ကိုဗစ်ကာလ ချေးငွေ ထုတ်ချေးဖို့အတွက် ကြေညာခဲ့ပါတယ်။ အခုဆိုရင် (၂) လခွဲကျော်ကြာပြီပေါ့နော်။ သူတို့ဘက်လည်း စဉ်းစားနေတာတွေရှိပါလိမ့်မယ်။ ဘယ်လို ပုံစံနဲ့ ချေးငွေ ထုတ်ပေးမလဲပေါ့နော်။ မျှော်လင့်နေကြတဲ့ အနုပညာသမားတွေကလည်း အားမလို အားမရတွေ ဖြစ်နေကြပါပြီ” လို့ Duwun ကို ပြောပါတယ်။ 

Photo: U Nay Win

သဘင်သည်အများစုဟာ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်တိုင်းမှာ အများကြီးရှိတယ်လို့ ဦးနေဝင်းက ပြောပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ သဘင်သည်တွေ အတွက် နိုင်ငံတော်ဆီကနေ ချေးငွေ (၁၀) ဘီလီယံကျော် ချေးဖို့ တရားဝင်လျှောက်ထားခဲ့တာလို့သူက ပြောပါတယ်။ 

“ ကျွန်တော်တို့ သဘင်သည်တွေ အတွက် တရားဝင် ချေးငွေ တင်ထားတာက ၁၀ ဘီလီယံကျော်ပါတယ်။ သဘင်တစ်ခုတည်းပါ။ သဘင်သည်ပေါင်းက တစ်နိုင်ငံလုံးမှာ(၁) သိန်းလောက်ရှိပါတယ်။ သဘင်သည်အများစုဟာဗဟိုအဆင့်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်၊မြို့နယ်အဆင့်ဆိုပြီး တော်တို့ဗဟိုသဘင်အနေနဲ့စနစ်တကျထိန်းချုပ်နိုင်ပါတယ်။ နားလည်အောင်ပြောရရင် ကညန ကနေ မော်တော်ယာဉ်အသီးသီးရဲ့လိုင်စင်တို့၊ ယဉ်မောင်းလိုင်စဉ်တို့ထုတ်ပေးထားသလို ကျွန်တော်တို့ကလည်းသဘင်အနုပညာရှင်တွေကိုအဖွဲ့လိုက်လိုင်စင်၊တစ်ဦးချင်းလိုင်စင်တွေထုတ်ပေးထားပါတယ်။ အဲဒီ ဖွဲ့စည်းပုံတွေနဲ့ပဲ ချေးငွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတာတွေရှိပါတယ်။ ပထမကတော့ ချေးငွေကို ချေးမယ်လို့ ကြေညာပြီး တစ်ပတ်အတွင်း ရမယ်လို့ထင်ထားပေမယ့် အခုဆို (၃) လပြည့်တော့မယ်။ ဒီတော့ ပြောရခက်ပါတယ်။ ကျွန်တော်တို့လည်း ချေးငွေနဲ့ ပတ်သက်ပြီးလုပ်စရာရှိတာတွေ အကုန်လုပ်ပြီးပါပြီ။ ချေးငွေ မကျသေးတာပဲရှိတာပါ။ ထူးခြားမှု မရှိသေးလို့ ကိုဖိုးချစ်ကလည်း ဖေ့စ်ဘွတ်မှာ စာတင်လိုက်တာပေါ့လေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: U Nay Win

သဘင်အစည်းအရုံး အနေနဲ့ ၂၀၂၀ ခုနှစ် မတ်လ အတွင်းကနေစပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ COVID-19 ကူးစက်ရောဂါကြောင့် အလုပ်တွေ ရပ်နားလိုက်ရတဲ့ သဘင်သည်တွေအတွက် စားဝတ်နေရေး နဲ့ ကျန်းမာရေးထောက်ပံ့ငွေအတွက် ငွေကျပ် သိန်း(၅၀၀၀) အကုန်ကျခံ ဆောင်ရွက်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။ ဒါကြောင့် သဘင်ဥက္ကဌဖြစ်သူ ဖိုးချစ်ကလည်း သဘင်သည်တွေရဲ့ စားဝတ်နေရေး နဲ့ ပတ်သက်ပြီး အကူအညီပေးနိုင်ဖို့ ဇန်နဝါရီလထဲမှာ ဖျော်ဖြေပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း ပြောပြခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က