ရည်းစားတကယ် မထားတော့ဘူးလား။

ပိုပိုကတော့ နှစ်သစ်မှာ အချစ်သစ်လည်း မရှာချင်တော့သလို ကိုယ်လိုချင်တာလေးတွေ ဝယ်ရင်း ပျော်ပျော်နေချင်တဲ့ သူ့ရဲ့ဆန္ဒတွေကို ပြောပြလာပါတယ်။ 

အဆိုတော် ပိုပို ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြင်တွေ့နေကြဖြစ်တဲ့ ချစ်သူနဲ့ လမ်းခွဲပြီးတဲ့ နောက်မှာ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ စိတ်ကူးလေးကို ပြောပြလာပါတယ်။ လက်တွဲဖော်အဖြစ် သတ်မှတ်ထားတဲ့ သူကိုပဲ ရွေးချယ်တော့မယ်လို့ သူက ဆိုပါတယ်။ 



 “ အချစ်ရေးနဲ့ ပတ်သက်ပြီး ပိုပို စဉ်းစားမိတာက ဒီတစ်ခါ ရည်းစားထားရင် တကယ်ယူတဲ့ ယောက်ျားမျိုးပဲ ထားမယ်လို့ စိတ်ကူးထားတယ်။ သူ့ရဲ့ အကြောင်းတွေ သေသေချာချာ လေ့လာပြီးမှ ရည်းစားထားမယ်။ တစ်ခါတလေ ကိုယ့်ကို လာ ကြိုက်တဲ့ ကောင်လေးတွေကို ပြောရတယ် ကျွန်မက ရည်းစားမထားချင်ဘူး၊ ကျွန်မက ဇီဇာကြောင်တယ် ရှင်တို့ ခံနိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ ငြင်းလွှတ်ရတယ်။ ဒီရက်ပိုင်းဆိုရင် အများကြီး ငြင်းလွှတ်ရတယ်။ တချို့က ပိုပို့ ရည်းစားနဲ့ ပြတ်သွားတာကို အရမ်းဝမ်းသာနေကြတဲ့ ယောက်ျားလေးတွေရှိတယ်” လို့ သဘောကျရယ်မောရင်း Duwun ကို ပြောခဲ့တာပါ။ 

ပိုပိုဟာ အလုပ်တွေ ကြိုးစားပြီး ကျန်နေတဲ့ အကြွေးတွေကိုလည်း အပြီးဆပ်သွားမယ်လို့ပြောပါတယ်။ ဒါ့အပြင် သူ လိုချင်တဲ့ အရာလေးတွေကို ဖြစ်အောင် ကြိုးစားသွားဦးမယ်လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“၂၀၂၁ မှာ ဈေးဗန်းမခင်းချင်တော့ဘူး။ ပိုက်ဆံရှာမယ်၊ အကြွေးတွေ ကျေအောင်ဆပ်မယ်၊ အမိုးပွင့်ကား ကောင်းကောင်းလေး တစ်စီး ထပ်လိုချင်တယ်။ ကိုယ်ချင်တာလေးတွေ ဝယ်မယ်၊ လှူမယ် အရမ်းပြည့်စုံသွားရင်တော့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားရမှာပေါ့နော်။ ပိုက်ဆံတွေဆိုလည်း ရှာတာ မတော်ပါဘူး ဒါပေမယ့် စုဆောင်းတတ်တယ်။ ကိုယ်လုပ်ချင်တာလေးတွေ လုပ်တယ် အဲဒီလောက်ပါပဲ။ ကိုယ်က အရမ်းကြီး တော်နေတဲ့ သူလည်း မဟုတ်ပါဘူး အတတ်နိုင်ဆုံး ကိုယ့်ဘဝကို ကိုယ် ထိန်းကျောင်းတာပါ။ ပြီးတော့ လှူတယ် ဘာသာရေးတော့ ပိုပိုက ကိုင်းရှိုင်းတယ်။ ဟင်းချက်၊ ထမင်းချက်လည်းရတယ်၊ အိမ်မှုကိစ္စဆိုလည်း နိုင်တယ်။ အပင်စိုက်တာ၊ စာဖတ်တာ ဝါသနာပါတယ်။ ပြီးတော့ ဇီဇာလည်း အရမ်းကြောင်တယ်၊ အတ္တလည်း အရမ်းကြီးတယ် ဒီတော့ ကျွန်မလို မိန်းမမျိုးကို မကြိုက်ပါနဲ့ ကြိုပြောထားတာပါ” လို့ သူက ဆိုပါတယ်။ 

ပိုပိုကိုတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အခွေမှာကတည်းက ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က