သူ့ရဲ့ ရောဂါအခြေအနေ နဲ့ ပတ်သက်ပြီး သားမက်ဖြစ်သူက အခုလို ပြောပြခဲ့ပါတယ်။

ဦးစိန်ရိုးကတော့ အသက်(၈၇)နှစ် အရွယ်ရှိပြီဖြစ်သလို လက်ရှိ ခံစားနေရတဲ့ ကျန်းမာရေး အခြေအနေကို အခုလို သိခွင့်ရခဲ့ပါတယ်။ 

ဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုးကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာပိုး စတွေ့ခဲ့ချိန်က စလို့ ကျန်းမာရေး မကောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကင်ဆာအခြေအနေ နဲ့ ပတ်သက်ပြီး ခွဲစိတ်ကုသဖို့ကိုလည်း သဘောမတူတာကြောင့် အိမ်မှာပဲ ဆေးကုသနေရတယ်လို့ မိသားစုဝင် တစ်ဦးဖြစ်တဲ့ သားမက်ဖြစ်သူ ဦးဝင်းမြင့် က Duwun ကို ပြောပြခဲ့ပါတယ်။ 



“ အဖေက ပူတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတယ်၊ နည်းနည်းလေး အေးလာလို့ရှိရင် သူနေလို့ မရတော့ဘူး ရင်ဘတ်ထဲကနေ ကြပ်လာတာပေါ့နော်။ လွန်ခဲ့တဲ့ (၃) နှစ်လောက်က ရောဂါ စဖြစ်တုန်းကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာရောဂါ စတွေ့တယ်ပေါ့။ သွေးအန်လို့ ဆေးရုံ ပို့လိုက်ရတာပေါ့။ အဲဒီအချိန်မှာ စဖြစ်တာ ခွဲစိတ်မယ် ဆိုတော့ အဖေက မှန်ပြောင်း အကြည့်မခံတော့ဘူး။ လည်ချောင်းအရမ်းနာတယ်ဆိုတော့ အိမ်မှာပဲ ဆေးကုနေရတယ်။ ပြီးတော့ အောက်ဆီဂျင်အားပြုတဲ့ ဓာတ်ဆားရည်လေးတွေ လာလှူပေးတဲ့ အလှူရှင်တွေ ရှိတော့ အဲဒါကိုပဲ အမြဲတိုက်ဖြစ်တယ်။ သွေးအန်တာလည်း ပျောက်တယ်၊ ကျန်းမာရေးလည်း နည်းနည်းပြန်ကောင်းလာတယ်။ ဒါပေမယ့် တစ်လ၊ နှစ်လလောက် ထမင်းမစားတော့ဘူး။ Ensure တို့ ကြက်ပေါင်းရည်တို့တော့ တိုက်နေရပါတယ်” လို့ ဆိုပါတယ်။ 

Photo: U Sein Yoe

ဦးစိန်ရိုးဟာ ကျန်းမာရေးမကောင်းပေမယ့် အလုပ်တွေ ပြန်လုပ်ချင်တဲ့ စိတ်ကတော့ တက်တက်ကြွကြွ ရှိနေတုန်းပဲလို့ ဦးဝင်းမြင့်က ပြောပါတယ်။ ဦးစိန်ရိုးဆီကို သတိတရ လာတဲ့ ဧည့်သည်တွေရှိရင်လည်း အမြဲတမ်း ပျော်နေတတ်တယ်လို့ သူကဆိုပါတယ်။ 

“ အဖေက အခုဆို အသက်(၈၇) နှစ်ဖြစ်လာပြီ။ သူ့ အသက်အရွယ်နဲ့ အဆင်ပြေမယ့် အစားအသောက်တွေ ကျွေးရတယ်။ ထွေထွေထူးထူးကတော့ အဖေက လူကသာ မထနိုင်တာ သွားချင်တဲ့ စိတ်ရှိတယ်၊ လာချင်တဲ့ စိတ်ရှိတယ်၊ စိတ်ကတော့ မာတယ်။ သူ့ဆီကို ဧည့်သည်တွေ လာရင် အဖေက ပျော်တယ်။ သဘောတွေကျနေတာ က မလားဆို ကမယ်၊ ဆိုမလားဆိုလည်း ဆိုမယ်။ စကားပြောရင်လည်း လေ တစ်လုံးနဲ့ တစ်လုံးက ပျက်ပျက်သွားတယ်။ပြီးတော့ အဖေ့ တပည့် လူရွှင်တော်တွေကလည်း အဖေ့ဆီ ခဏခဏ လာလည်ကြတော့ သူပျော်ရတာပေါ့လေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဦးစိန်ရိုးကတော့ လူရွှင်တော် လောကမှာ နှစ်ပေါင်းများစွာ အောင်မြင်လာခဲ့တဲ့ လူရွှင်တော်ကြီး တစ်ဦးဖြစ်ပါတယ်။ စိန်ရိုး ၊ တိမ်ညွှန့် ဟာသညီနောင် ဆိုပြီးတော့လည်း ပရိသတ်အများစုရဲ့ အားပေးမှုကို ခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားသူဆိုလည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က