ခံစားချက်တွေ အများကြီး ထည့်ထားခဲ့တဲ့ သီချင်းပါ။

နန်းဆုရတီစိုးကတော့ ဇန်နဝါရီလ (၁၄) ရက်မှာ ထွက်ရှိမယ့် " မင်းအနားမှာ" သီချင်းလေး အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Nan Su Yati Soe



နန်းဆုရတီစိုးဟာ ကိုဗစ်ကာလမှာလည်း သူမရဲ့ ပရိသတ်တွေကို သီချင်းအသစ်လေးတွေနဲ့ အမြဲတမ်း မိတ်ဆက်ပေးနေသူဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ " မင်းအနားမှာ" ဆိုတဲ့ သီချင်း ထွက်ရှိလာဦးမှာပါ။ ဒီသီချင်းရဲ့ Music Video ကို ပုံဖော်ရိုက်ကူးထားတဲ့ အမှတ်တရတွေကို Duwun ကနေပြောပြခဲ့ပါတယ်။

“ သီချင်းထဲမှာပါတဲ့ ဇာတ်လမ်းအကြောင်းအရာက မင်းသားက သူအရမ်းအောင်မြင်သွားတဲ့ အချိန်မှာ ဖောက်ပြန်သွားတာတဲ့ ပုံစံလေး ရိုက်ထားတာ။ ဒီသီချင်းကို ကိုဝေကြီး ရေးပေးတာပါ။ ပြီးတော့ သီချင်းလေးထဲမှာ ကောင်မလေးက အဆင်မပြေလည်း မင်းအနားမှာ ဟန်ဆောင်ပြီးတော့ နေခဲ့ရတာတွေ၊ ငိုချင်လည်း သူ့ဘေးမှာ ပြုံးပြီးတော့ နေခဲ့ရတာတွေပေါ့။ ဒါပေမယ့် ကောင်လေးကတော့ အောင်မြင်လာတာနဲ့ အမျှ စိတ်က တခြားသူဆီမှာ ရောက်နေတယ် ဆိုတဲ့ အကြောင်းလေးကို ခံစားပြီး သီဆိုထားတာပါ” လို့ ဇန်နဝါရီလ ၁၁ ရက်နေ့က သူမရဲ့ Photoshooting မှာ ပြောခဲ့တာပါ။ 

Photo: Nan Su Yati Soe

နန်းဆုရတီစိုး ကိုယ်တိုင်ကလည်း " မင်းအနားမှာ" သီချင်းနဲ့ ပတ်သက်ပြီး ရိုက်ကူးရေးလုပ်နေရတဲ့ အချိန်တွေမှာ ငိုခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။ 

“ နန်းဆုက သရုပ်ဆောင်တစ်ယောက်လည်းဖြစ်နေတော့ Music Video ထဲမှာ ကိုယ်ပါဝင်ရတဲ့ ကာရိုက်တာကို အများကြီး အာရုံထားတယ်။ ဒီသီချင်းက နန်းဆု ရိုက်ခဲ့သမျှသီချင်း၊ ဆိုခဲ့သမျှ သီချင်းတွေထဲမှာ စိတ်ရောကိုယ်ပါ အများကြီး လုံးပန်းထားတယ်။ တကယ်လည်း အခက်အခဲတွေ ကြုံပြီးတော့မှ ရိုက်ရတယ်၊ ဒီသီချင်းရိုက်နေရတဲ့ အချိန်မှာလည်း တစ်နေကုန်ကို ငိုချင်နေခဲ့တာ၊ ကိုယ့် ခံစားချက်တွေ အများကြီး ထည့်ထားတဲ့ သီချင်းပေါ့။ အရမ်းစိတ်ထည့်လွန်းလို့လား မသိ ငိုနေခဲ့ရတာ။ သေချာ အသေးစိတ်က အစဂရုစိုက်ပြီးတော့ လုပ်တယ်။ သီချင်းကတော့ ၁၄ ရက်နေ့ ညနေကျရင် နန်းဆုရဲ့ Page မှာ လွှင့်ဖို့ စဉ်းစားထားတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: A Linn Yaung

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ (၁၀) စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ စလို့ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ နန်းဆုရဲ့ အနုပညာအလုပ်တွေတိုင်းကို အမြဲ အားပေးနေကြတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က