အစ္စဏီရဲ့ မိခင်ကတော့ ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ သားဖြစ်သူ အဆိုတော် အစ္စဏီရဲ့ အကြောင်းတွေကို Duwun ကတစ်ဆင့် ပရိသတ်တွေကို ပြောပြလာပါတယ်။
Photo: Han Tun Zaw
ရည်စားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်(၇) နှစ်ကျခံနေရတဲ့ အဆိုတော် အစ္စဏီကတော့ အကျဉ်းထောင်ထဲမှာ သူတတ်ကျွမ်းရာ ဂီတအလုပ်လေးနဲ့ အကျဉ်းသားတွေကို သီဆိုဖျော်ဖြေပေးနေတယ်လို့ အစ္စဏီရဲ့ မိခင်ဖြစ်သူက Duwun ကို ပြောခဲ့ပါတယ်။
“ သူက အခု သူဝါသနာပါတဲ့ ဂီတအလုပ်လေးနဲ့ အကျဉ်းထောင်ထဲမှာ သီချင်းဆိုနေတယ်။ ကိုဗစ်ကာလဆိုတော့ အကုန်လုံး ပိတ်ထားတဲ့ အချိန်မှာ သူများတွေ မပျင်းရအောင်ဆိုပြီးတော့ အဆောင်တွေ သွားပြီးသီချင်းဆိုပေးရတယ် ကြားတယ်။ ဘာကြောင့် ဒီလို သီချင်းဆိုတာလဲဆိုတော့ ရောက်တဲ့ အရပ်မှာ ဒီလိုပဲ ပရဟိတအလုပ်လေး သဘောနဲ့ အကျဉ်းသားတွေကိုဖျော်ဖြေပေးနေတာပါ။ပြီးတော့ ထောင်ထဲမှာက အပြင်ကလို မဟုတ်တော့ သူ့ရဲ့ အားတဲ့အချိန်တိုင်းကို သီချင်းဆိုပြတယ်၊ ဘုရားတရားတွေ လုပ်တယ်၊ အားကစားလည်း သူပုံမှန်လုပ်တယ်လို့ပြောတယ်” ဆိုပြီးတော့ ပြောပြခဲ့တာပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်ရောဂါကြောင့် အစ္စဏီက မိသားစုတွေကို စိတ်ပူနေတယ်လို့ လည်း အစ္စဏီရဲ့ မိခင်က ပြောပါတယ်။
ရည်စားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ အဆိုတော် အစ္စဏီဟာ ၂၀၁၈ခုနှစ်၊ ဧပြီ(၁၂) ရက်နေ့က စတင်တရားစွဲဆိုခံလိုက်ရတာဖြစ်ပါတယ်။ အချုပ်ကျခံနေရင်းနဲ့ အချိန် (၂) နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရသူတစ်ယောက်ပါ။ တရားလိုဖြစ်သူ စူးရှထက်ဘက်က ၂၀၁၉ ခုနှစ် သြဂုတ်လ (၅) ရက်နေ့က အမှုကြေအေးဖို့ လက်မှတ်ထိုးခဲ့ပေမယ့်လည်း ပုဒ်မ ၃၇၆/၃၂၄၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ ကာယကံရှင်က ကြေအေးသော်လည်း တရားရုံးက ခွင့်မပြုတာကြောင့် အဆိုတော် အစ္စဏီဟာ အလုပ်နဲ့ ထောင်ဒဏ်(၇) နှစ်ကျခံလိုက်ရတာဖြစ်ပါတယ်။