TV Channal တွေကနေတဆင့် ပရိသတ်တွေအရှေ့ ရောက်လာမှာပါ။
Sabal Thwin

တစ်ခေတ်တစ်ခါက Music Video တွေမှာ အမြဲတမ်းမြင်တွေ့နေကြဖြစ်တဲ့ မင်းသားချော စိုင်းဘိုဘို ကတော့ အနုပညာလှုပ်ရှားမှုတွေ ပြန်လည် လုပ်ကိုင်တော့မယ့်အကြောင်းပြောပြလာပါတယ်။ 

Photo: Mirror



ဝါရင့်အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ တော်တော်များများမှာ မြင်တွေ့နေကြ မင်းသားချော စိုင်းဘိုဘိုက အနုပညာအလုပ်တွေနဲ့ အတော်ကြာ ဝေးကွာသွားခဲ့တာဖြစ်ပြီး မကြာခင်မှာ ပရိသတ်တွေအရှေ့ကို ပြန်လည်ရောက်ရှိလာတော့မယ်လို့ Duwun ကို ပြောပါတယ်။ 

“ အလုပ်တွေ ပြန်လုပ်ဖို့ဆိုတာက ကိုယ်က အနုပညာလောကနဲ့သာဝေးနေတာ စိတ်ထဲမှာ ဒီဟာက အမြဲတမ်းရှိနေတာကိုနော်။ ကိုယ်တိုင်သာ မရိုက်ဖြစ်တာ ဇာတ်လမ်းတွေရေးတာတို့၊ ရိုက်ပေးတာတွေ အမြဲတမ်းအလိုလို လုပ်ဖြစ်နေတယ်။ ရန်ကုန်မှာ ပြန်အခြေချဖို့လည်း စိတ်ကူးရှိတယ် ဒါက ကလေးတွေ ပညာရေးအတွက်လည်းပါတော့ အနုပညာအလုပ်တွေလည်း လုပ်ရင်းပေါ့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ကိုယ့်လောကအကြောင်းကို ကိုယ်မသိသလောက်ဖြစ်နေပြီ။ ရန်ကုန်ပြန်သွားပြီးတော့မှ စလုပ်ရမှာပေါ့။ Channal တွေကနေပြီးတော့ ကမ်းလှမ်းထားတာတွေရှိတယ်။ အဲဒီကနေ စပြီး အလုပ်တွေ လုပ်ဖြစ်မယ်ထင်တယ်”လို့ ဆိုပါတယ်။ 

Photo: Art

စိုင်းဘိုဘိုဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်းလောက်ကတည်းက အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်သွား ခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။ လက်ရှိမှာတော့ စိုင်းဘိုဘို က ကိုယ်ပိုင်မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ထားနေပြီလို့ သိရပါတယ်။ 

“ ကျွန်တော့်ဆရာ ကိုအောင်မင်းသိန်း ဆုံးသွားတဲ့နောက်မှာ အလုပ်တွေသိပ်မလုပ်ဖြစ်တော့တာလည်းပါတယ်။ အဲဒီတုန်းကလည်း ဗီဒီယို ဈေးကွက်ရော၊ VCD ဈေးကွက်လည်း ပျက်ဆိုတော့ အလုပ်တွေလည်း သိပ်မလုပ်ရေ တာ့ဘူး။ ပြီးတော့ ကိုယ် ရွေးချယ်လိုက်တဲ့ အလုပ်က အဆင်မပြေတော့လည်း နည်းနည်းတော့ Feel ရှိတာပေါ့နော်။ အဲဒီတုန်းက ကျွန်တော်က အိမ်မှာ သားအကြီးဆုံးဆိုတော့ ကျွန်တော့်ရဲ့ ဇာတိမြို့ဖြစ်တဲ့ လင်းခေးကို ပြန်သွားတယ်။ ပြီးတော့ ကျွန်တော်က သတ္တုတူးတဲ့ အလုပ် လုပ်တယ်။ အလှဆင်ကျောက် ထုတ်ပြီးတော့ ထိုင်း နဲ့ တရုတ်ကို ပို့တယ်။ အဲဒီလိုပဲ နယ်မှာ အနေကြာသွားတော့ အလုပ်တွေ မလုပ်ဖြစ်တော့တာပါ။ အခုတော့ ကျွန်တော်နေတာက တောင်ကြီးမှာ ဒါပေမယ့် ကိုဗစ်ကာလလည်းဖြစ်နေတော့ အမျိုးသမီးဘက်က နေပြည်တော် တပ်ကုန်းမှာနေတယ်။ မိသားစုက သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်ရှိတယ်" လို့ ဆိုပါတယ်။ 

Photo: sai bo bo

စိုင်းဘိုဘိုဟာ ဇနီးဖြစ်သူနဲ့အတူ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၁၂ နှစ်အရွယ် သမီးလေး တစ်ယောက်နဲ့ အသက်(၂) နှစ်အရွယ် သားလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ချိန်ကတည်းက VCD သီချင်းတွေ ကနေပရိသတ် သိခဲ့တဲ့ စိုင်းဘိုဘိုက အခုဆိုရင်တော့ အနုပညာသက်တမ်း နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။ သူ့ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း လက်ရှိအချိန်ထိ အခိုင်အမာ ရှိနေကြတုန်းပဲလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က