ကြော်ငြာရိုက်တုန်းကနဲ့ ကွာခြားတယ်။
Sabal Thwin

မင်းသွေးခန့်ကတော့ ကြော်ငြာတွေ ရိုက်ကူးခဲ့တုန်းက အခြေအနေနဲ့ လက်ရှိမှာ အဓိက သရုပ်ဆောင် အဖြစ် ဇာတ်ကားရိုက်ကူးရတော့မယ့် ကွာခြားချက်တွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Min Thway Khant



မင်းသွေးခန့်ကတော့ အခုဆိုရင် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးတော့မှာပါ။ ကြော်ငြာတွေကနေတဆင့် ပရိသတ်အားပေးမှုရလာတဲ့ သူ့အနေနဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ရတော့မယ့် အချိန်မှာ သတိထားရမယ့် အချက်လေးတွေ ရှိလာတယ်လို့ ဆိုပါတယ်။ 

“ ကြော်ငြာကျတော့ ရယ်မယ်ဆိုရင် ဟက် ကနဲရယ်လိုက်တယ်၊ ပျော်မယ်ဆိုလည်း ဝါးကနဲ ပျော်လိုက်လို့ရတယ် ကိစ္စ သိပ်မရှိဘူး။ ကြော်ငြာရိုက်တာက ရုပ်ရှင်လောက် ဟဲဗီးကြီး မဟုတ်ဘူး။ ရုပ်ရှင်က ဇာတ်ညွှန်းတစ်ခုစီတိုင်းကို ဂရုစိုက်ရတယ်။ ကျွန်တော်က တိုင်းရင်းသားဖြစ်တဲ့အတွက် စကားပြောတာ အရမ်းမြန်တယ်၊ ဂရုစိုက်ရတယ်။ မြန်မာဇာတ်ကားမှာ မြန်မာပရိသတ်တွေအကြိုက် စကားကို လေးလေးပင်ပင် နဲ့ အိုဗာအက်ရှင်တွေ လုပ်ရတာဆိုတော့ အာရုံပိုစိုက်ရတယ်၊ စိတ်ကိုလည်း လျှော့ရတာပေါ့နော်။ အဲဒီအတွက် ပုတီးများများစိပ်တယ် ကံကောင်းဖို့ဆိုတာထက် စိတ်အာရုံ ပိုစုစည်းနိုင်အောင် စိပ်တာ ပိုများတယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: Min Thway Khant

စကားပြောရင် အရမ်းမြန်တတ်သူဖြစ်တဲ့ မင်းသွေးခန့်ဟာ မကြာခင်မှာ “ ကြေကွဲမိုးတိမ်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်တော့မှာဖြစ်ပါတယ်။သူဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဒိုင်ယာလော့ဂျ်တွေ မှန်မှန်ပြောနိုင်ဖို့ ကြိုးစားလေ့ကျင့်ခဲ့ရတဲ့အမှတ်တရလေးကို ပြောပြခဲ့ပါသေးတယ်။  

“ မြန်မာဝတ္ထုတွေများများဖတ်တယ်၊ ကဗျာတွေဖတ်တယ်။ ပြီးရင် ကိုယ့်ဘာသာကိုယ် အသံဖမ်းပြီးတော့ ပြန်နားထောင်ဖြစ်တယ်။ ကိုယ့်ရဲ့ Mood တွေ၊ စကားတွေကို အမြဲတမ်း မှတ်တမ်းတင်တယ်။ ပြီးရင် ကိုယ် ဘယ်သွားသွား ကားမောင်းရင်းနဲ့ ကိုယ့်အသံ ကိုယ်ပြန်နားထောင်ကြည့်တယ်။ ကျွန်တော့်အတွက် အခက်အခဲကတော့ ဟာသလုပ်ရတာပဲ။ စိတ်ကို တည်တည်ငြိမ်ငြိမ်လုပ်ရတဲ့ ကာရိုက်တာတွေက ကျွန်တော့်အတွက် အဆင်ပြေမယ်လို့ထင်ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Min Thway Khant

မင်းသွေးခန့်ကိုတော့ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် " စေနိုင်သူ" ဆိုတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က