သူအခု ဘာတွေ လုပ်နေလဲ ။
Sabal Thwin

တစ်ချိန်တုန်းက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တော်တော်များများမှာ မပါမဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ဘိုမ ကတော့ ဘာကြောင့် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တယ်ဆိုတာကို အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင် ဘိုမကတော့ အနုပညာလောကမှာ နှစ်(၂၀) ကြာသည်အထိ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ဝါသနာအရင်းခံပြီး အနုပညာအလုပ်တွေ လုပ်ခဲ့တဲ့ သူမက ဘာကြောင့် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်လိုက်တာလဲဆိုတဲ့ အကြောင်းကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 



“ အနုပညာအလုပ်တွေကို အစ်မက အသက်(၄၄) နှစ် အရွယ်လောက်က ပုဂံမှာ ဇာတ်ကား သွားရိုက်တဲ့ အမှတ်တရပေါ့။ ပုဂံမှာ နေတွေကလည်း တအားပူ၊ မီးတွေကလည်း ထိုးပေါ့။ အဲဒီမှာ ကိုယ့်ရဲ့ စိတ်က တစ်သက်လုံး ကိုယ်ဝါသနာပါလို့ ရိုက်ခဲ့တဲ့ အနုပညာအလုပ်ကို အသက်ကလည်း ရလာတဲ့ အချိန်ဆိုတော့ နေပူလိုက်တာ အရမ်းပဲ။ ရိုက်နေရင်းနဲ့ ကိုယ်မှားရင်လည်း ကိုယ့်ဘာသာကိုယ် စိတ်တိုမိတယ်၊ သူများ မှားရင်လည်း စိတ်တိုတယ် ဒါပေမယ့် သွားပြောလို့လည်း မရဘူးလေ။ အဲဒီအချိန်မှာ ဘယ်သူကများ အနုပညာအလုပ်ကို ထွင်လိုက်တာလဲပေါ့နော် ပင်ပန်းလိုက်တာလို့ တွေးမိတယ်။ တစ်သက်လုံးရိုက်နေခဲ့တဲ့ လူက အဲဒီအချိန်မှာ တွေးမိသွားခဲ့တာပေါ့။ အနုပညာအလုပ်တွေကို နှစ်(၂၀) အထိ လုပ်ခဲ့တယ်။ အခု မလုပ်ဖြစ်တော့တာက (၁၃) နှစ်ရှိပြီ” လို့ ဆိုပါတယ်။ 

အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားခဲ့တဲ့ ဘိုမဟာ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို ဦးဆောင်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် သူမကို ချစ်တဲ့ ပရိသတ်တွေကြောင့်လည်း လက်ဝတ်ရတနာပစ္စည်းလေးတွေကို Online Live Sale အနေနဲ့ ရောင်းချပေးနေတာ တွေ့ရပါတယ်။ 

“ အနုပညာအလုပ်တွေလည်း တဖြည်းဖြည်းလုပ်ရင်း တခြားစီးပွားရေးလေးတွေလည်း လုပ်ဖြစ်ခဲ့တယ်။ အရင်တုန်းကဆိုရင် ကားရိုက်တာ(၁၀) ရက်လောက်နားလိုက်ရင် အစ်မက ယိုးဒယားဘက်မှာ စီးပွားရေးတွေ လုပ်နေတဲ့အခါကျတော့ ဒီဘက်က ဖုန်းဆက်ရင် အစ်မတို့က ယိုးဒယားဘက်ကို ရောက်နေချိန်ဆို တစ်ကား လွတ်သွားပြန်ရော။ အဲဒီလို ခဏခဏ လွတ်ပေါင်းများတော့ မရိုက်ဖြစ်တော့ဘူူး။ အစ်မကိုယ်တိုင်ကလည်း ယိုးဒယားဘက်မှာ စီးပွားရေးလုပ်နေတာဆိုတော့ ဒီဘက်ကို မလုပ်ဖြစ်တော့တာ။ တကယ်တမ်းက အသက်အရွယ်လည်း ရလာပြီဆိုတော့ စီးပွားရေးတစ်ခုခုကို အထိုင်လေးနဲ့လုပ်မှ ရတော့မှာဆိုတော့ အမြဲတမ်းအတွက်ကို ဦးစားပေးရမယ့် အချိန်မှာ စီးပွားရေးကို ရွေးချယ်လိုက်တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဘိုမ ကတော့ တစ်ချိန်တုန်းက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေမှာ အမြဲတမ်း ပါဝင်သရုပ်ဆောင်နေကြဖြစ်တဲ့ ဇာတ်ပို့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ လူကောင်ကြီးကြီး သန်မာတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် ရန်ဖြစ်တာ၊ နပန်းလုံးတာ စတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေက ပိုအားပေးလာခဲ့ကြတာပါ။ အခုဆိုရင်တော့ သူမဟာ ကိုယ်ပိုင်မိသားစု ဘဝလေးနဲ့ စီးပွားရေး အလုပ်တွေကို ပိုဦးစားပေး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က