ဟဲလေးရဲ့ သီချင်းတွေက အမြဲတမ်း Update ဖြစ်နေရတာ ဘာကြောင့်လဲ။
Sabal Thwin

အဆိုတော် ဟဲလေးက သူ့ရဲ့ သီချင်းတွေတိုင်းမှာ အမြဲတမ်း အမိုက်စားတွေ ပုံဖော်လေ့ရှိတဲ့ အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: He' Lay 



ဟဲလေးကတော့ ပရိသတ်အကြိုက် သီချင်းတွေ ဖန်တီးနိုင်ဖို့အတွက် နောက်ကွယ်ကနေ ပံ့ပိုးကူညီပေးနေတာက ဇနီးဖြစ်သူပဲလို့ သူက ဆိုပါတယ်။ သီချင်းနဲ့ ပတ်သက်လာရင် ဘေးကနေ အမြဲတမ်း အကြံပြုပေးလေ့ရှိတယ်လို့လည်း ဟဲလေးက Duwun ကို ပြောပါတယ်။ 

“ အစ်ကို့ရဲ့ အမျိုးသမီးက သီချင်းနဲ့ ပတ်သက်လာရင် သီချင်းထဲမှာတော့ ကြိုက်တာ လုပ်လို့ရတယ်။ အပြင်မှာတော့ လုပ်လို့မရဘူး။ အရမ်းချစ်တာ အနားကနေ လုံးဝ မခွာဘူး ဘော်ဒီဂတ်ပဲ။ အရင်တုန်းကဆိုရင် ဒယ်ဒီဟဲလေး သီချင်းထဲမှာပေါ့ ကလေးလည်းရှိတယ်၊ မိန်းမရှိတယ်၊ ရည်းစားလည်း ထားချင်တယ် ဆိုတာက တကယ်လည်း ရိုက်ပေါက်လေ။ ပြီးတော့ သီချင်း MV ပုံဖော်မယ်ဆိုရင်လည်း အစ်ကိုဝတ်မယ့် အဝတ်အစားကအစ အကုန် သူအများကြီး အကြံပေးတာတွေရှိတယ်။ အဓိက ကတော့ ကိုယ်ဖန်တီးချင်တဲ့ သီချင်းပုံစံကို ကိုယ်ရေးလို့၊ လုပ်လို့ရတယ်။ သူက ခေတ်မီတာကို ကြိုက်တယ်၊ အစ်ကို့ကိုလည်း ခေတ်အလိုက် မှီ စေချင်တဲ့အတွက် အစ်ကို့ သီချင်းလေးတွေက နည်းနည်း ခေတ်မီလာတာလည်း ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: He' Lay 

အခုဆိုရင်တော့ ဟဲလေးက စီးပွားရေးအလုပ်ထက် သီချင်းတွေ ဆိုနေရတာ ပိုသဘောကျတယ်လို့ ဆိုပါတယ်။ ၂၀၀၀ ခုနှစ်ကတည်းက ဂီတအလုပ်တွေ လုပ်လာခဲ့တဲ့ သူ့ အနေနဲ့ (၁၀) စုနှစ်အကြာ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ အစ်ကိုက သီချင်းတွေ လုပ်နေရရင် ပိုပျော်တယ်။ အစ်ကိုတို့ အနုပညာအလုပ်က ပရိသတ်တွေနဲ့ အမြဲ မပြတ် ထိတွေ့မှုရှိနေရင်တော့ အမြဲတမ်းရှိနေမှာပါ။ တချို့ကတော့ စီးပွားရေးဘက်သော်လည်းကောင်း၊ နိုင်ငံခြား ထွက်သွားကြသော်လည်းကောင်း မိသားစု ဖွဲ့စည်းပုံခြင်း မတူညီကြတဲ့အတွက် အနုပညာအလုပ်ဆိုတာတော့ အဆက်ပြတ်သွားလို့တော့ မရဘူးပေါ့နော်။ ဒါကြောင့် အစ်ကိုက သီချင်းလေးတွေ မပြတ် လုပ်နေတာကြောင့်လည်း ပရိသတ်ရဲ့ အားပေးမှုကို ရနေတုန်း ဖြစ်နေတာပါ” လို့ ဆိုပါတယ်။ 

Photo: He' Lay 

လက်ရှိမှာတော့ အဆိုတော် ဟဲလေးဟာ ကိုဗစ်ကာလကြောင့် ဂီတဖျော်ဖြေရေးတွေ နားထားတာပါ။ ဟဲလေးဟာ ၂၀၀၀ ခုနှစ် ဝန်းကျင်က " Teen" ဆိုတဲ့ ယောက်ျားလေး(၃) ယောက် ပါဝင်တဲ့ အဆိုတော် အဖွဲ့မှာ Main Vocal တစ်ယောက်အနေနဲ့ သီချင်းတွေ ဆိုရင်း ဂီတလောကထဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ အောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့ " ပတ်သက်ခွင့်ပြုပါ" ၊ " တစ်ယောက်တည်း ချစ်မယ်" ၊ " ခိုနားရာ" ၊ " ကြင်ယာဖက်" စတဲ့ သီချင်းတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတာပါ။ ဟဲလေးရဲ့ လတ်တလော အောင်မြင်မှုတွေ ရနေတဲ့ သီချင်းကတော့ "မှည့်"၊ " စော်နဲ့ပြတ်သွားပြီ" စတဲ့ သီချင်း တွေ ဖြစ်ပါတယ်။ သူဟာ ဇနီးဖြစ်သူ မြတ်သီရိလွင် နဲ့ အခုဆိုရင် အိမ်ထောင်သက်တမ်း(၁၂) နှစ်ကျော်လာခဲ့ပါပြီး သားနှစ်ယောက်နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က