ဝါသနာအရင်းခံပြီး အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ King က သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ ဆိုတာ ရုပ်ရည်နဲ့ ငွေကြေးက အဓိက မဟုတ်ဘူးလို့ ဆိုပါတယ်။
Photo: King
King ကတော့ အနုပညာလောကမှာ ဇေယျာအောင် ဆိုတဲ့ နာမည်နဲ့ သရုပ်ဆောင် အလုပ်တွေ လုပ်ခဲ့သူ တစ်ယောက်ပါ။ ဝါသနာအရင်းခံပြီး အနုပညာလောကထဲကို ခြေလှမ်းချခဲ့တုန်းက အတွေ့အကြုံတွေကို Duwun ပရိသတ်တွေ အတွက် ဝေမျှခဲ့ပါတယ်။
“ အစ်ကိုက သရုပ်ဆောင်အလုပ်ကို အခုမှ စလုပ်မယ့် ဝါသနာရှင် ညီလေး ညီမလေးတွေကို အမြဲတမ်း စကားလက်ဆောင် ပါးပေးလေ့ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ပိုက်ဆံရှိတိုင်းလည်း မဖြစ်ဘူး၊ ရုပ်ချောတိုင်းလည်း မဖြစ်ဘူး။ ဒါပေမယ့် အောင်မြင်တဲ့သူတွေတိုင်းက ဘာကြောင့် အောင်မြင်နေသလဲဆိုရင် သူတို့က အနုပညာကို ချစ်လို့ပါ။ အခု အောင်မြင်နေတဲ့ သူတိုင်းက လွယ်လွယ် အောင်မြင်လာတဲ့သူတွေ တစ်ယောက်မှ မရှိဘူး” လို့ သူက ဆိုပါတယ်။
Photo: King
King ကိုယ်တိုင်ကလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့သူ တစ်ယောက်ပါပဲ။ ဒါပေမယ့် လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်မဖြစ်လာခဲ့တဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။
King ကိုတော့ ဇေယျာအောင်ဆိုတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ အသိများခဲ့ကြပါတယ်။ သူဟာ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာထဲမှာ ဒုတိယမင်းသား တစ်ယောက် အနေနဲ့ ပါဝင်လေ့ရှိသူ တစ်ယောက်ပါ။ နောက်ထပ် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ ဇာတ်ကား ကတော့ " နို့ဘီလူး" ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူဟာ လူမင်းရဲ့ ဖခင် ငယ်ဘဝ ကာရိုက်တာကို သရုပ်ဆောင်ခဲ့ရသူပါ။