ဘဝကို တစ်ယောက်တည်း မဖြတ်သန်းချင်တဲ့ ဆန္ဒကို ပြောပြလာပါတယ်။
Sabal Thwin

ပရဟိတအလုပ်တွေရော၊ အနုပညာအလုပ်တွေပါ ဆက်တိုက်လုပ်နေရတဲ့ ထွန်းကိုကို တစ်ယောက် အိမ်ထောင်ပြုဖို့အတွက်ကိုပါ စဉ်းစားထားတယ်လို့ ဆိုပါတယ်။ 

Photo: Tun Ko Ko



မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာ ရရှိထားတဲ့ ထွန်းကိုကိုက အချစ်ရေးနဲ့ ပတ်သက်တဲ့ ခံယူချက်ကို Duwun ကနေတစ်ဆင့် အခုလိုပြောပြလာပါတယ်။

“ ကျွန်တော်ကတော့ လူပျိုကြီး မလုပ်ပါဘူး။ အချိန်တန်ရင်တော့ မိန်းမယူမှာပေါ့နော်။ ပရဟိတလုပ်နေလို့ အိမ်ထောင်မပြုရဘူး၊ ရည်းစားမထားရဘူးဆိုတာတော့ မဟုတ်သေးဘူးလေ။ ကိုယ်လည်း အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူဖြစ်လို့ အချိန်တန်ရင်တော့ မိန်းမ ယူမှာပါ။ ဒါပေမယ့် အနုပညာအလုပ်တွေလည်း လုပ်လို့ မဝသေးဘူး။ ပရဟိတအလုပ်တွေကိုလည်း ထဲထဲဝင်ဝင် လုပ်ရဦးမှာဆိုတော့ အချိန်တစ်ခုတော့ ယူရဦးမယ်။ တကယ်လို့ မိန်းမယူဖို့ အချိန်တန်ပြီဆိုရင် ပရိသတ်ကို ပြောပြသွားမှာပါ” လို့ သဘောကျရယ်မောရင်း ထွန်းကိုကိုက ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Tun Ko Ko

ထွန်းကိုကိုရဲ့ အချစ်ရေးဟာ အရမ်းကို တည်ငြိမ်လွန်းတာကြောင့် စိတ်ဝင်တစား စောင့်ကြည့်နေရတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ပရဟိတအလုပ်တွေလည်း လုပ်နေသလို အနုပညာအလုပ်တွေပါ အဆက်မပြတ်လုပ်နေတဲ့ သူ့ အနေနဲ့ ချစ်သူထားဖို့ အချိန်ရှိပါဦးမလားလို့ တွေးနေမိမယ့် ပရိသတ်တွေလည်း ရှိကောင်းရှိမှာပါ။ ဒါကြောင့် ထွန်းကိုကို က ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့ လေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမှတ်တရ တွေကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ မှတ်မှတ်ရရ ဗယ်လင်တိုင်းမ်ဒေးဆိုတာ မရှိခဲ့ဘူး။ ချောကလက်ဆိုတာ Fan တွေ ပေးမှ ရခဲ့ဖူးတာ။ တစ်ခါတလေ ချောကလက်မရတဲ့ နှစ်တွေတောင်ရှိတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ဝယ်စားလိုက်တယ်လေ။ ကျွန်တော့်အတွက်က ဗယ်လင်တိုင်းမ်ဒေးမို့လို့ နားရက်ဆိုတာ မရှိဘူး။ ပရဟိတအလုပ် ရှိရင် ပရဟိတအလုပ် လုပ်လိုက်တယ်။ ကျွန်တော့်အတွက် ပိတ်ရက်မရှိဘူး၊ နားရက်မရှိဘူးဆိုတာ အဲဒါကို ပြောတာ။ ချစ်သူထားလည်း ပရဟိတအပေါ်မှာလည်း နားလည်မှုရှိရသလို အနုပညာအလုပ်ပေါ်မှာလည်း နားလည်မှုရှိရမယ်လို့ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။

 

Photo: Tun Ko Ko

ထွန်းကိုကိုဟာ ပရဟိတလုပ်ငန်းတွေကို နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းပြီး တစိုက်မတ်မတ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်အပေါ် ကြိုးစားဆောင်ရွက်မှုတွေကြောင့် နာရေးကူညီမှုအသင်းရဲ့ ဆက်ခံသူဖြစ်လာလေမလားဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားလို့နေပါတယ်။ ဒါ့အပြင် သူ့ကို ချစ်ခင်အားပေးကြတဲ့ အမာခံပရိသတ်တွေနဲ့လည်း " ထွန်းကိုကို ကိုချစ်ကြသူများ" ဆိုတဲ့ အဖွဲ့လည်း ဖွဲ့စည်းပြီး လစဉ် အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး လူသိများလာတဲ့ ထွန်းကိုကို ( Yanpaing Tun Ko) ဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ရိုက်ကူးခဲ့ရပြီးတဲ့နောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ပြီး အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က