“ ရုပ်ရှင်သည် ပြည်သူ့အတွက်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
Sabal Thwin

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒီကနေ့မနက်မှာ “ ရုပ်ရှင်သည် ပြည်သူ့အတွက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

Photo: U Nyi Nyi Tun Lwin



ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Civil Disobedience ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူ့ဝန်ထမ်းများနဲ့အတူ ပြည်သူအတွက် ရပ်တည်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒီကနေ့ ( ဖေဖော်ဝါရီလ ၅ ရက်) မှာ အသိပေးကြေညာလိုက်ပါတယ်။

“ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့ သဘောထားကို ဒီနေ့ မနက်မှာထုတ်ပြန်ခဲ့ရတာပါ။ ဒီကြားထဲမှာ ထုတ်ပြန်စာ မတင်ဖြစ်လိုက်တဲ့ အခက်အခဲတွေက တကယ်ဆိုရင် ကျွန်တော်တို့က (၂) ရက်နေ့လောက်ကတည်းက အစည်းအဝေးထိုင်ပြီး တင်ဖို့ လုပ်ခဲ့တာ။ ဒါပေမယ့် နာ.ယ.ကကြီးတွေက တခြားအစည်းအရုံးတွေကလည်း မတင်သေးဘူးလို့ ပြောတယ်။ ကိုယ်ကချွန်ထွက်သွားမယ်ပေါ့။ တကယ်တော့ လူကြီးတွေကလည်း စေတနာနဲ့ သတိပေးတာပါ။ ဒါကြောင့် (၅) ရက်နေ့ လောက်အထိ စောင့်ကြည့်တယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ တင်ချင်တင်၊ မတင်ချင်နေ ကိုယ်တွေတင်မယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာပါ” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun ကို ပြောပါတယ်။ 

Photo: U Nyi Nyi Tun Lwin

ဦးညီညီထွန်းလွင်အနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ တစ်ယောက်အနေနဲ့ အနုပညာလောကသားတွေ စိတ်ဆိုးခြင်းကို ခံခဲ့ရပေမယ့် အတတ်နိုင်ဆုံး ပြန်လည် ဖြေရှင်းပေးခဲ့ပါသေးတယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော်တို့ လောကထဲမှာတော့ တော်တော်လေးကို ရိုက်ခတ်သွားပါတယ်။ ကျွန်တော်တောင် တော်တော်ရှင်းပြခဲ့ရပါတယ်။ ဖြစ်တဲ့နေ့ကတည်းကစပြီး (၂) ရက်၊ (၃) ရက် လောက်အထိ ကျွန်တော် တင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါကို နားလည်သဘောပေါက်သွားတဲ့ သူတွေလည်းရှိသလို တချို့တွေကလည်း တော်တော်ကို စိတ်ဆိုးနေကြပါတယ်” လို့ သူကဆိုပါတယ်။  

Photo: U Nyi Nyi Tun Lwin

ဖေဖော်ရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ ဌာနဆိုင်ရာအသီးသီးမှ ပြည်သူ့ဝန်ထမ်းများက Civil Disobedience ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသလို Red Campaign များပြုလုပ်ကာ အာဏာသိမ်းစစ်အစိုးရကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်လျက်ရှိပါတယ်။ အဆိုပါကမ်ပိန်းများကို အနုပညာရှင်အများအပြားက ထောက်ခံအားပေးလျက်ရှိပြီး ဒီကနေ့မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အခုလို ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။




Author


က္က